Call Center မှတစ်ဆင့် လွှတ်တော် ကိုယ်စားလှယ်များ တိုက်ရိုက် ဖြေကြားပေးသော အစီအစဉ်အပေါ် ပြည်သူလူထု စိတ်ဝင်စားမှုများပြီး ဆက်သွယ်ပြောဆိုမှု အမြဲမပြတ် ရှိနေ Call Center မှတစ်ဆင့် လွှတ်တော် ကိုယ်စားလှယ်များ ဖြေကြားပေးသည့် အစီအစဉ်ကို စမ်းသပ်ပြုလုပ်ခဲ့ပြီးနောက် ပြည်သူလူထု အနေဖြင့် စိတ်ဝင်စားမှု မြင့်တက်လျက်ရှိကာ ၎င်းတို့ တင်ပြ ပြောကြားလိုသော အကြောင်းအရာများကို ဆက်သွယ် ပြောဆိုနေမှုများ အမြဲမပြတ် ရှိနေကြောင်း Blue Ocean Contact Center မှ စုံစမ်းသိရှိရသည်။ ၂၀၁၆ ခုနှစ် သြဂုတ် ၂၇ ရက်က ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်ရှိ မြို့နယ်များဖြစ်သော ဒလ၊ ဆိပ်ကြီးခနောင်တို၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ကိုကိုးကျွန်း စသည့်မြို့နယ်များမှ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များသည် Hotline နံပါတ် ၀၁-၂၃၉၉၁၀၈ မှတစ်ဆင့် ပြည်သူများ မေးမြန်းသည်ကို ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။ ယင်းမှာ ပထမဆုံး အနေဖြင့် စမ်းသပ် ဖြေဆိုခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် Hotline များ ဖွင့်လှစ်နိုင်ရန်အတွက် Blue Ocean Contact Center က ပံ့ပိုး ကူညီသွားမည် ဖြစ်ကြောင်း၊ အခြား လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့်လည်း ဖြေကြားခြင်းများကို ဆောင်ရွက်မည် ဆိုပါက လက်ခံ စီစဉ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ “အလားတူ အစီအစဉ်မျိုးတွေ နောက်ထပ်လုပ်ဖို့ ဆိုတာက ကိုယ်စားလှယ်တွေဘက်ကနေ ကမ်းလှမ်းမှုတွေ ရှိမှသာ လက်ခံစီစဉ်ပေးနိုင်မှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ မရှိသေးပါဘူး။ Contact Center အနေ နဲ့ကတော့ ကြားခံမီဒီယာလိုမျိုးသာ ဖြစ်ပြီး ကြားကနေ စီစဉ်ပေးတဲ့ သဘောပါ။ ပြည်သူတွေဘက်ကတော့ စိတ်ဝင်စားကြတာ တွေ့ရပါတယ်။ ပထမအကြိမ် စမ်းလုပ်တုန်းက သြဂုတ် ၂၇ တစ်ရက်တည်းသာ နံနက် ၉ နာရီ ကနေ ၁၂ နာရီအထိ မေးမြန်းနိုင်မှာ ဖြစ်တယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်အပတ် စနေတွေနဲ့ နောက်ရက်တွေမှာလည်း မေးမြန်း ပြောဆိုလာတာတွေကို လက်ခံပေးနေရတုန်း ဖြစ်ပါတယ်။ ပြောဆို တင်ပြလာတာတွေကိုတော့ မှတ်တမ်းယူပေးထားပြီး လွှတ်တော် ကိုယ်စားလှယ်တွေဆီ ပြန်ပို့ပေးပါတယ်။ တစ်ပတ်ခြားတစ်ခါ ပို့ပေးတာမျိုး ရှိသလို အရမ်းအရေးကြီးရင်တော့ နေ့ချင်း၊ ဒါမှမဟုတ်ရင် သုံးလေးရက် တစ်ခါလောက် ပို့ပေးရတာမျိုးလည်း ရှိပါတယ်။ ပထမအကြိမ် စမ်းသပ်ဖြေဆိုရာမှာ ပါဝင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ဒီလိုမျိုး အစီအစဉ်ကို ကျေနပ်အားရမှု ရှိပါတယ်။ ဒါကြောင့် သူတို့ အားလပ်တဲ့ အချိန်မှာ စုဝေးလာရောက်ပြီး နောက်ထပ်လက်ခံ ဖြေကြားပေးဖို့ အစီအစဉ် ရှိပါတယ်။ ပထမအကြိမ်တုန်းကတော့ ကိုးဦးလာမယ်လို့ ဆိုပေမယ့် ခြောက်ဦးပဲ လာနိုင်ခဲ့ပါတယ်” ဟု Blue Ocean Contact Center မှ တာဝန်ရှိသူက စက်တင်ဘာ ၂၂ ရက်တွင် ပြောကြားသည်။ Writer: နေမျိုးထွန်း
Source : http://ift.tt/2d8VL55
via IFTTT
No comments:
Post a Comment