ခြင်ကျားနှိမ်နင်းရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်း ပါဝင်စေလိုဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၇ လက်ရှိ အိမ်နီးချင်း နိုင်ငံများတွင် ဖြစ်ပွားလျက် ရှိသည့် ဇီကာဗိုင်းရပ်စ် ရောဂါနှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွင်း ကြိုတင် ကာကွယ်မှု လုပ်ငန်းများကို ပြုလုပ်လျက်ရှိပြီး ယင်းလုပ်ငန်းများတွင် ပြည်သူလူထုများပါ ပူးပေါင်း ပါဝင်စေလိုကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး/စီမံချက်မန်နေဂျာ (သွေးလွန်တုပ်ကွေး၊ ဆင်ခြေထောက်၊ ဂျပန်ဦးနှောက်ရောင် ရောဂါ) ဒေါက်တာ ဇော်လင်းက ပြောကြားသည်။ “ဇီကာရောဂါက သွေးလွန်တုပ် ကွေးကိုသယ်တဲ့ ခြင်ကျားကိုက်လို့ အဓိက ကူးစက်တာ ဖြစ်တဲ့အတွက် ခြင်ကျားကို နှိမ်နင်းတဲ့ နေရာမှာ ကျန်းမာရေးဌာနတွေ၊ တခြားနှီးနွှယ်နေတဲ့ ဌာနတွေ နည်းတူ ပြည်သူလူထုကို ပါဝင်စေချင်ပါတယ်။ ဖိတ်လည်း ဖိတ်ခေါ်ပါတယ်။ ပြည်သူလူထု မပါရင် ခြင်ကျား နှိမ်နင်းရေးက အင်မတန်မှ ထိရောက်ဖို့ ခဲယဉ်းပါတယ်”ဟု ၎င်းက ဆိုသည်။ စင်ကာပူနိုင်ငံရှိ ကိုယ်ဝန်ဆောင် ၁၆ ဦးတွင် ဇီကာဗိုင်းရပ်စ် ရှိနေသည်ဟု စင်ကာပူ ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြု ပြောကြားထားပြီး ယင်းဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးများက မွေးဖွားလာသည့် ကလေးငယ်များသည် ဦးခေါင်း သေးငယ်ပြီး ကြီးထွားဖွံ့ဖြိုးမှုပိုင်းတွင် ဆိုးရွားသည့် ချို့ယွင်းချက်များ ဖြစ်ပေါ်သည်ကိုလည်း တွေ့ရှိရကြောင်း ဘရာဇီးနိုင်ငံ၏ စမ်းသပ် လေ့လာချက်များအရ သိရသည်။ မိမိတို့အိမ်ရှိ ရေသိုလှောင်ရာ နေရာများ၊ ရေဝပ်နိုင်သည့် မော်တော်ကား တာယာများအပြင် အခြား ရေခိုအောင်းနိုင်သည်များကို စနစ်တကျ လွှင့်ပစ်ရန် လိုအပ်ပြီး တစ်ပတ်လျှင် တစ်ကြိမ် ရပ်ကွက်အလိုက်၊ ကျောင်းအလိုက်၊ မြို့နယ်အလိုက်၊ ပြည်နယ်နှင့် တိုင်းအလိုက် ခြင်ကျားလောက်လန်း နှိမ်နင်းရေးများကို လုပ်ဆောင်ရန်လိုအပ်ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။
Source : https://goo.gl/m3icXJ
via IFTTT
No comments:
Post a Comment