လတ်တလောတွင် ချင်းတွင်းမြစ်ရေကို သောက်သုံးရန် မသင့်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ သတင်းစာရှင်းလင်း သြဂုတ် ၂၁ ရက်မှ ၂၅ ရက်အထိ ချင်းတွင်းမြစ်၏ မြစ်ဖျားပိုင်းခန္တီးမြို့မှ စတင်ကာ ရေမည်းညစ်မှုကြီး ဖြစ်ပေါ်ခဲ့ပြီး ကလေးခရိုင် မင်းကင်းမြို့အနီးတွင် ပျောက်ကွယ်သွားမှုနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ကွင်းဆင်းစစ်ဆေး တိုင်းတာမှုများ ပြုလုပ်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စေလွှတ်ခဲ့ရာမှ တွေ့ရှိချက်များအား သတင်းမီဒီယာများနှင့် တွေ့ဆုံပြီး ရှင်းလင်းပွဲတစ်ရပ် စက်တင်ဘာ ၂၈ ရက် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။ ရေမည်းကြီး ဖြစ်ပေါ်လာရခြင်း စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် စစ်ကိုင်းတိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးစိုးလွင်မှ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ပြီး တိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန၊ တိုင်းဒေသကြီး ကုသရေး ဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး၏ ကိုယ်ရေးအရာရှိ ဦးသန်းဌေးနှင့် ဘူမိဗေဒ ပညာရှင်၊ အင်ဂျင်နီယာတို့ ပါဝင်သည့် ရှစ်ဦးအဖွဲ့နှင့် ဒေသခံလွှတ်တော် ကိုယ်စားလှယ်များ စက်တင်ဘာ ၆ ရက်တွင် စုံစမ်းစစ်ဆေးမှုများ စတင် ပြုလုပ်ခဲ့ကြသည်။ အဆိုပါ စစ်ဆေး တွေ့ရှိချက်များအရ လတ်တလောတွင် ချင်းတွင်းမြစ်ရေအား သောက်သုံးရန် မသင့်ကြောင်း၊ ကျိုချက်ပြီးမှသာ သောက်သုံးသင့်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်က ပြောကြားသည်။ “ရေမည်းစီးဆင်းနေချိန်မှာတော့ ချင်းတွင်းမြစ်ရေကို သုံးစွဲရပေမယ့် သောက်ဖို့မသင့်ပါဘူး။ လတ်တလောမှာ သောက်သုံးမယ်ဆိုရင် ရေကိုစစ်ပြီး ကျိုချက်သောက်နိုင်ပါတယ်။ မိုးကာလမှာ ဆက်စီးနေနိုင်တာကြောင့် ဒီအတိုင်းမြစ်ရေကို မသောက်သင့်ဘူး” ဟု စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်ဥမ္မာမြင့်က ပြောကြားသည်။ ခန္တီးမြို့မှ ၈၄ မိုင်အကွာရှိ နန့်စလိန် ချောင်းတွင် ရေမည်းများစတင်တွေ့ရှိရ၍ ဆက်လက်ရှာဖွေရာ မခွာလယ်ကျေးရွာ (ထန်ပါခွေမြို့နယ်ခွဲ) အိန္ဒိယနယ်စပ်အနီးသို့ ဆက်လက်လေ့လာခဲ့ပြီး ခြေကျင်ခရီးဖြင့် စာ ရာမေတိတောင်ခြေအထိ ရောက်ရှိခဲ့ကြောင်း၊ နန့်စလိန်ချောင်း၏ ချောင်းလက်တက်အတွင်း အမည်းရောင် မြေကြီးများ စတင်ပြိုကျစီးဆင်း နေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ရေမည်းများ စတင်စီးဆင်ရာ ဒေသ မှာ ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၇၃၆၄ တွင် ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ နန့်စလိန်ချောင်းတွင် အမည်းရောင်ပါသော ဂရပ်ဖိုက်ကျောက်သားမှုန်များ ပျော်ဝင်နေ၍ ဒေသခံ နာဂလူမျိုးများမှာ အဆိုပါရေကို သောက်သုံးခြင်း မပြုသဖြင့် ဆိုးရွားသော ရောဂါများ မတွေ့ကြောင်း လေ့လာရေး ခရီးစဉ်တွင် လိုက်ပါခဲ့သော တိုင်းကျန်းမာရေးမှ ဒေါက်တာစိုးသူရက ပြောကြားသည်။ ရေလမ်းခရီးမှ လေ့လာရေးအဖွဲ့ကလည်း ရေမည်းများ စီးဆင်းနေချိန်၌ ခန္တီးမြို့မှစ၍ မုံရွာအထိနေရာ ကိုးနေရာတွင် မြစ်ရေ အရည်အသွေးကို လေ့လာခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ် ဖွံ့ဖြိုးမှုဌာနမှ ဦးစီးမှူးဦးဖုန်းကျော်စိန်က “ရေမည်းပျောက်ချိန်မှာ တိုင်းတာတော့ ရေတွေက ပုံမှန်အခြေအနေ ရောက်ပါတယ်။ ရေမည်းတုန်းကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတ်မှတ်ထားတဲ့ စံနှုန်းအောက် ရောက်နေလို့ ရေနေသတ္တဝါတွေ အန္တရာယ်ရှိတယ်။ ရေမြစ်ဖြိုးအနေနဲ့ တစ်နှစ်ပတ်လုံး ရေအရည်အသွေးကို တိုင်းတာပြီး ပြည်သူကို ထုတ်ပြန်ဖို့ လုပ်ထားပါတယ်” ဟု ပြောကြားသည်။ ချင်းတွင်းမြစ်ရေ ညစ်ညမ်းရခြင်းမှာ ဂရပ်ဖိုက် အမှုန်များသာမက ရွှေကျင်ခြင်း၊ အခြား သတ္တု တူးရာတွင် သုံးစွဲရေများ စွန့်ပစ်ခြင်း၊ မြစ်နံဘေး စက်ရုံများမှ စွန့်ပစ်စက်သုံးဆီများနှင့် ဒေသခံများ ရွှေ့ပြောင်းတောင်ယာ ခုတ်ခြင်းကြောင့် တောင်ပြုန်း၍ မြေဆီလွှာ ထိန်းမှုပျက်စီးကာ ရေတွင်ပျော်ဝင် စီးဆင်းခြင်းများကြောင့် ဖြစ်သည်ဟု လေ့လာစုံစမ်းရေး အဖွဲ့က ပြောကြားသည်။ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “ဒီအစီရင်ခံစာကို တိုင်းအစိုးရကနေတစ်ဆင့် ပြည်ထောင်စုအစိုးရကို တင်ပြသွားမှာပါ။ ကျွန်တော့်အနေနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးနေတာကို ထိန်းသိမ်းနိုင်အောင် ကြိုးစားနေပါတယ်” ဟု ပြောကြားသည်။
Source : http://ift.tt/2dmOs59
via IFTTT
No comments:
Post a Comment