Thursday, September 29, 2016


တစ်ကျော့ပြန်လာတဲ့ 'မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်' ဇာတ်ကား ရုံတင်တော့မည် "ကျွန်မကိုယ်မှာ အဲသလို မှဲ့လေး သုံးလုံးရှိတယ် ဗိုလ်ကြီး ရဲ့"လို့ ညုတုတုပြောတဲ့ မိန်းမလှလေး တစ်ယောက်နဲ့ ယောကျ်ားပီသတဲ့ သောင်းကျန်းသူ ဗိုလ်တစ်ဦးတို့ တောနက်ထဲက တဲကလေး တစ်လုံးထဲမှာ နှစ်ယောက်တည်း။ မီးအိမ်က ခပ်မှိန်မှိန်မီးရောင်အောက်မှာ အတူတူရှိနေကြတဲ့ ဒီဇာတ်ဝင်ခန်းက 'မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်' ၀တ္ထုရဲ့ ဇာတ်လမ်းအစရယ်ပဲ ဖြစ်ပါတယ်။ ဒီဝတ္ထုမှာ အဓိကဇာတ်ကောင် မိန်းမလှလေးရဲ့ မှဲ့သုံး လုံးရှာတဲ့အခန်း၊ ထမီတိုနဲ့ မြင်းစီးတဲ့ အခန်းနဲ့ စမ်းချောင်းလေးမှာ အဝတ်ဗလာနဲ့ ရေချိုးတဲ့ အခန်းလိုမျိုး ရင်ခုန် စိတ်လှုပ်ရှားစရာ ဇာတ်ကွက်တွေအပြင် လူဆိုးအယောက် ၃၀ နဲ့ သူသေကိုယ်ကြေတိုက်ခိုက်ရတဲ့ အက်ရှင်ခန်းတွေက စာဖတ်သူတွေကို စလယ်ဆုံးတိုင် ဆွဲဆောင်ထား နိုင်ခဲ့တဲ့ ရင်သိမ့်တုန် ဝတ္ထုဇာတ်လမ်းကောင်းတွေ ထဲက တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ၀တ္ထုကို အသက်သွင်း ဖန်ဆင်းလိုက် သူကတော့ စာရေးဆရာကြီး ဆွေလှိုင်ဦးပဲဖြစ်ပါတယ်။ လူကြိုက်များအောင်မြင်တဲ့ ဒီဝတ္ထုကို ၁၉၉၀ ဝန်းကျင် လောက်မှာ ဒါရိုက်တာ သီဟကျော်စိုးက ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ပါတယ်။ အဓိကဇာတ်ဆောင် 'မအေးပွင့်'အဖြစ် ခင်သီတာထွန်း၊ ဓားဘခက်အဖြစ် နေအောင်တို့က ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင် နိုင်ခဲ့သလို ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရုံပြည့်ရုံလျှံတဲ့အထိ ရရှိခဲ့ပါတယ်။ နှစ်ပေါင်း ၂၀ ကျော် ကြာပြီးတဲ့နောက်မှာတော့ ဒါရိုက်တာ သီဟကျော်စိုးဟာ သူ့ရဲ့ခေတ်သစ် ခြေလှမ်းသစ်အဖြစ် 'မအေးပွင့်မြင့်မြင့်စန်း လမ်းသုံးဆယ်'ကို ခေတ်သစ်သရုပ် ဆောင်တွေနဲ့ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ထဲမှာ ထပ်မံပြီး ပုံဖော်ခဲ့ပြန်ပါတယ်။ ထုတ်လုပ်ရေးက ရတနာကျော်စိုးရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေး ကုမ္ပဏီဖြစ်ပြီး သူရွေးချယ်ခဲ့တဲ့ သရုပ်ဆောင်တွေကတော့ အေးမြတ်သူနဲ့ နေမင်းတို့ပဲ ဖြစ်ပါတယ်။ ရိုက်ခဲ့ဖူးပြီး အောင်မြင်မှုအရှိန်ကြီးခဲ့တဲ့ ဇာတ်ကား ကိုပဲ ပြန်ပြီးရိုက်ကူးတာက တကယ်တော့ ဒါရိုက်တာအတွက် စွန့်စားမှုတစ်ခုပါပဲ။ ရိုက်ကူးချိန် သုံးလနဲ့ ကားတစ်ကားလုံး အစအဆုံး ပြီးစီးဖို့အတွက် စုစုပေါင်းအချိန် တစ်နှစ်ယူခဲ့ရပြီး ရုံတင်ပြသ ခွင့်ကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းလာခဲ့တာ လာမယ့် စက်တင်ဘာလ ၃၀ ရက်နေ့ကစတင်ပြီး တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံတွေမှာ တစ်ပြိုင်နက်တည်း ပြသသွားတော့မှာ ဖြစ်ပါတယ်။ "အခုလို ဒရာမာနဲ့ ဟာသကားတွေချည်းပဲ နေရာယူထားတဲ့ မြန်မာ့ရုပ်ရှင်ဈေးကွက်ထဲကို အက်ရှင်ကားတစ်ကားရိုက်ကူးထုတ်လုပ်ဖို့ဆိုတာ ခက်ခဲပါတယ်။ သာမန်ကားတွေထက် အကုန်အကျလည်း ပိုများသလို ရိုက်ကူး တဲ့အချိန်ကလည်း ကြာမြင့်ပါတယ်။ ကျွန်တော်က လက်ဝှေ့ ချန်ပီယံ မိုဟာမက်အလီနဲ့ သူရဲ့စိတ်ဓာတ်ကို အရမ်းကြိုက် တယ်။ သူဆိုရင် တစ်ပွဲဆိုတစ်ပွဲပဲ။ ကျွန်တော်လည်း ရုပ်ရှင် လောကကို ပြန်လာတာ မကြာသေးပေမဲ့ လောကထဲမှာဖြစ်နေတဲ့ လမ်းကြောင်းကနေ ကွဲထွက်ချင်တယ်။ အဲဒါကြောင့် တစ်ချိန်က ကျွန်တော်ရိုက်ကူးခဲ့တဲ့ အက်ရှင်ဇာတ် ကားတွေကိုပဲ ပြန်ရိုက်ကူးဖြစ်သွားတာပါ။ အောင်မြင်မယ် လို့လည်း ထင်ပါတယ်"လို့ အသက် ၆၁ နှစ်အရွယ် ဒါရိုက်တာ သီဟကျော်စိုးက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။ ခုလိုမျိုး သူ့ရဲ့အောင်မြင်ပြီးသားဇာတ်ကားကို ပြန်လည်အသက်သွင်းတာဟာ ဒါရိုက်တာ သီဟကျော်စိုး အတွက် ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ဆရာ ဆွေလှိုင်ဦးရဲ့ 'ဂျက်မ'၀တ္ထုကို ၁၉၈၅ ခုနှစ်က ရုပ်ရှင်ကားကြီးအဖြစ် ကျော်သူ၊ ခင်သန်းနုနဲ့ မေဝင်းမောင်တို့နဲ့ ရိုက်ကူးခဲ့ပြီး အဲဒီခေတ်အခါက အောင်မြင်တဲ့ အက်ရှင် ဇာတ်ကားကောင်း တစ်ကားဖြစ်ခဲ့ပါတယ်။ အဲဒီဇာတ်ကားကို ခေတ်သစ် 'ဂျက်မ'အဖြစ် ဒီဗီဒီဇာတ်ကားအနေနဲ့ ပြန်လည်အသက်သွင်းခဲ့ပြီး ၂၀၀၉-၂၀၁၀ ပြည့်နှစ်မှာ ရုံတင်ပြသခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာလည်း ဂျက်မအဖြစ် အေးမြတ်သူက သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ "အခုခေတ်မှာ အက်ရှင်မင်းသမီးအဖြစ် သရုပ်ဆောင် လုပ်ဖို့အတွက် ဇာတ်ကောင်စရိုက်နဲ့ညီမယ့် ကျွန်တော်ခိုင်းတဲ့အတိုင်း အချိန်ပေးပြီး ကြိုးကြိုးစားစား လုပ်နိုင်မယ့်သူက ရှားပါးတယ်။ ဒါကြောင့် အရင်ဂျက်မထဲက သူ (အေးမြတ်သူ)ကိုပဲ ပြန်ရွေးဖြစ်တာပါ။ သူဆိုရင် အလုပ်ကို ကြိုးစားတယ်။ အလုပ်အတွက် လိုအပ်မယ်ဆိုရင် ဝိတ်ချဆိုလည်း ချတယ်။ အလုပ်ကိုလည်း လေးစားတယ်။ နောက်ပြီး ဒီဇာတ်ကား (မအေးပွင့်မြင့်မြင့်စန်း လမ်းသုံးဆယ်) က မင်းသမီးဇာတ်လည်း ဖြစ်တယ် ဆိုတော့ လုပ်ရင်လုပ်သလိုတော့ နာမည်ရမှာပါ"လို့ သူ့ရဲ့နာမည် ကျော်ဇာတ်ကားနှစ်ကားစလုံးမှာ မင်းသမီးအေးမြတ်သူကိုပဲ ရွေးချယ်ဖြစ်ခဲ့ပုံကို ဒါရိုက်တာ သီဟကျော်စိုးက ရှင်းပြပါတယ်။ သရုပ်ဆောင် အေးမြတ်သူကလည်း 'ဂျက်မ'က သူ့ရဲ့ပထမဆုံးအက်ရှင် ဒီဗီဒီဇာတ်ကားဖြစ်ခဲ့ပြီး 'မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်'ကတော့ ပထမဦးဆုံး အက်ရှင်ရုပ်ရှင် ဇာတ်ကားကြီး ဖြစ်တယ်လို့ ဆိုပါတယ်။ "ကိုယ်က အရင်ကတည်းက အက်ရှင်ဇာတ်ကားတွေ၊ နောက် ဟောင်ကောင်ဂျက်မကားတွေကို အရမ်းကြိုက်ခဲ့တယ်။ အမျိုးသမီးတွေပေမဲ့ ကြမ်းကြမ်းတမ်းတမ်း သရုပ်ဆောင်တဲ့ ဇာတ်ကွက်တွေကို သဘောကျခဲ့သလို ကိုယ်တိုင်လည်း သရုပ်ဆောင်ချင်ခဲ့တယ်။ ပြီးတော့ ကိုယ်တိုင်ကလည်း အပြင်မှာ ယောကျ်ားလေး ဆန်ဆန်လို နေတာများတော့ အဲဒီလို အက်ရှင်ဇာတ်ကွက်တွေ အတွက် အခက်အခဲတွေ ရှိပေမဲ့ သရုပ်ဆောင်ရတာ ပျော်တယ်။ ပြီးတော့ ဂျက်မ ဇာတ်ကားပြီး ကတည်းက အက်ရှင်ပိုးက ဝင်နေတာ။ အဲဒါကို ဆရာသီဟကျော်စိုးက ကိုယ့်ကို ရိုက်ဖို့ ကမ်းလှမ်းလာတော့ အရမ်းဝမ်းသာမိတယ်" လို့ အသက် ၃၁ နှစ်ရှိအရွယ် သရုပ်ဆောင်မင်းသမီးက ဆိုပါတယ်။ သုံးမိနစ်ကြာ 'မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်' ကို ဇာတ်လမ်းအမြည်းလေးကိုလည်း ဒီနှစ် ဇူလိုင်လထဲမှာ 'မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်' ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ပေးခဲ့ရာ ကြည့်ရှုသူ သိန်းချီရှိခဲ့ပါတယ်။ "ကားကြီးထဲမှာ အမျိုးသမီးအက်ရှင်ကားက မရှိသေးတော့ ပရိသတ်ကြိုက်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဒရာ မာနဲ့ အဖွဲ့လိုက်လူအများကြီးပါတဲ့ ရုပ်ရှင်ဇာတ်ကားတွေလိုမျိုးမဟုတ်ဘဲ အမျိုးသမီး အက်ရှင်လည်းဖြစ် ကိုနေမင်းနဲ့ ကျွန်တော်ပဲပါတော့ စိတ်ဝင်စားကြပါ့မလား၊ ရုံထဲ လူဝင်ပါ့မလား ဆိုပြီး စိုးရိမ်မိတယ်။ ဒါပေမဲ့ ဒါရိုက်တာရဲ့ ယုံကြည်မှုနဲ့ ကိုယ်တိုင်ကလည်း တတ်နိုင်သမျှတော့ အားစိုက်ထုတ်ပြီး လူစားထိုး နည်းနိုင်သမျှ နည်းအောင် အက်ရှင်အခန်းတွေ အတွက် သရုပ်ဆောင်ထားပါတယ်"လို့ အေးမြတ်သူက ဆိုပါတယ်။ ဇာတ်ကားထဲမှာ ပါဝင်တဲ့ မြင်းစီးသင်ရတဲ့ အခန်းတွေအတွက် မင်းသမီးကြီး ခင်သီတာထွန်းရဲ့ အကူအညီနဲ့ ဆရာကျန်ကျောင်းဆီမှာ သင်ကြားခဲ့သလို အက်ရှင်ပိုင်းတွေအတွက်လည်း လူကြမ်းသရုပ်ဆောင် ကိုဆန္ဒမောင်က သင်ပြပေးခဲ့တယ်လို့ ဆိုပါတယ်။ ရိုက်ကွင်းနေရာအတွက် ပြည်မြို့ကနေ တော်တော်လေး ဝေးခေါင်တဲ့ တောထဲမှာ သွားရောက်ရိုက်ကူး ရတာကြောင့် ရိုက်ကူးရာနေရာ ကောင်းမွန်ပေမဲ့ သွားရေးလာရေး၊ နေထိုင်ရေးတွေ ခက်ခဲပြီး အက်ရှင်ဦးစားပေး ဇာတ်ကားဖြစ်တဲ့ အတွက်ကြောင့်လည်း ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပင်ပန်းမှုတွေ ရှိခဲ့တယ်လို့လည်း သရုပ်ဆောင်သက်တမ်း ၁၀ နှစ် ကျော်ရှိနေပြီဖြစ်တဲ့ မင်းသမီးက ဆိုပါတယ်။ "တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တော့ ကိုယ့်အနေနဲ့ တာဝန်တော့ကြီးတယ်။ ကိုယ့်အလှည့်ကျရင်ရော ဒီလိုမျိုး ဖြစ်ပါ့မလားဆိုပြီး စိတ်ပူမိတယ်။ အရင်ခေတ်တုန်းက အောင်မြင်မှုကို မကျော်လွှားနိုင်ဘူးဆိုရင်တောင် အရင် ကားရဲ့ အောင်မြင်မှု၊ အရည်အသွေးနဲ့ လူကြိုက်များမှုကို မီပါ့မလားဆိုပြီး ဖြစ်မိတယ်။ ဒါပေမဲ့လည်း အားသွန်ခွန်စိုက် စိတ်ရောကိုယ်ပါ နှစ်ထားတော့ ဒီကားအပေါ် ကိုယ့်အနေနဲ့ ၁၀၀ ရာခိုင်နှုန်းအပြည့် ယုံကြည်မှုရှိပါတယ်"လို့ ဆိုပါတယ်။ ခန္ဓာကိုယ်က မှဲ့သုံးလုံးကိုရှာတဲ့အခန်းနဲ့ စမ်းချောင်းမှာ ရေချိုးတဲ့အခန်းတို့က မူရင်း ဝတ္ထုအပြင် အရင် ဇာတ်ကားထဲမှာလည်း ထည့်သွင်းခဲ့ပြီး ဝေဖန်မှုတွေကိုတော့ မကြုံရပါဘူးလို့လည်း ဆိုပါတယ်။ "အပေါ်အင်္ကျီမပါပေမဲ့ အထဲမှာ အဝတ်အစားတွေက ရှိပြီးသားလေ။ အမြင်ရိုင်းတယ် ဆိုတာကလည်း ကင်မရာရဲ့ လှည့်စားမှု၊ ဒါရိုက်တာရဲ့ လှည့်စားမှုကြောင့် ဖြစ်မှာပါ။ နောက်ပြီး တချို့ ဇာတ်ဝင်ခန်းတွေမှာ ကိုယ်က မြှူဆွယ်ရတဲ့ အပိုင်းရှိပေမဲ့ မီးတွေထိုး၊ စက်အဖွဲ့တွေ၊ အဖွဲ့သားတွေအများကြီးနဲ့ ရိုက်ကူး ရတာဖြစ်တဲ့အတွက် စိတ်ပူမိတာတော့ မရှိပါဘူး။ ဒီကားကို ကျွန်တော် ဂျက်မထက် ပိုပြီးတော့ အက်ရှင်ခန်းတွေမှာ လူစားထိုး နည်းနိုင်သမျှ နည်းအောင် ကြိုးစားပြီးလုပ်ထားတယ်" လို့ အေးမြတ်သူက ဆိုပါတယ်။ "အက်ရှင်ကားတွေကို အရမ်းကြိုက်တယ်။ ဒါပေမဲ့ ကိုယ့်ဆီမှာကျတော့ အက်ရှင်ကားကောင်း တစ်ကားဖြစ်ဖို့အတွက် နည်းပညာပိုင်းဆိုင်ရာတွေ၊ တခြားပံ့ပိုးမှုတွေ အားနည်းတဲ့အခါ ထွက်လာတဲ့ အက်ရှင်ဇာတ်ကားက ပရိသတ်အမြင်မှာ အညံ့စားကားဆိုပြီး ဖြစ်သွားကြတယ်။ နောက်ပြီး ဒီမှာက မင်းသားဈေးကွက်နဲ့လည်း သွားတယ်၊ ဇာတ်ကားတွေက အုံနဲ့ကျင်းနဲ့ သရုပ်ဆောင် အများကြီးနဲ့ သွားတာဆိုတော့ မင်းသမီးအက်ရှင် ဇာတ်ကောင်ကားကို အသားပေးရိုက်ဖို့က အခက်အခဲတွေ အများကြီးရှိတယ်။ ဈေးကွက်ကလည်း ကျဉ်း၊ ထုတ်လုပ်သူတွေကလည်း သိပ်မရင်းရဲကြဘူး။ သူများမလုပ်နိုင်တဲ့ အလုပ်တစ်ခုမှာ ကိုယ်က ပါဝင်ခွင့်ရတယ်ဆိုတော့ သဘောကျပါတယ်"လိုလည်း အမိုက်စား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ အေးမြတ် သူက ဆိုပါတယ်။ တစ်ခေတ်တစ်ခါက ရုပ်ရှင်ချစ်ပရိသတ်တွေကြားမှာ အမျိုးသမီးအက်ရှင်ဇာတ်ကားတွေ ခေတ်စားလူကြိုက် များခဲ့ပေမဲ့ ဆယ်စုနှစ်ပေါင်း တော်တော်ကြာကြာ ပျောက်ကွယ်သွားပြီးနောက် တစ်ကျော့ပြန်လာတဲ့ 'မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်' ဇာတ်ကားကြီးကို ပရိသတ်တွေ အကြိုက်တွေ့လက်ခံပါမလား၊ မအေးပွင့်က ဘာကြောင့် တောနက်ထဲက တဲလေးထဲကို ရောက်နေရတာလဲ၊ လူဆိုးကြီးတွေနဲ့ ဘယ်လို ရင်ဆိုင်တွေ့ရမလဲ၊ အန္တရယ်တွေကို မိန်းမမာယာနဲ့ ဘယ်လိုအောင်မြင်အောင် တိုက်ထုတ်မလဲ၊ နောက်ဆုံးဇာတ်သိမ်းမှာ ဘယ်လိုမျိုးတွေ ရင်ဆိုင်ကြုံတွေ့ရမလဲ စတဲ့မေးခွန်းတွေကို အဖြေရှာဖို့ အတွက်တော့ ဇာတ်ကားရုံတင် လာတဲ့အခါ သွားရောက်ကြည့်ရှု အားပေးနိုင်ကြပါတယ်။
Source : http://ift.tt/2dngO2K
via IFTTT

No comments:

Post a Comment