တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲများ ဆက်လက် ဖြစ်ပွား ဝိုင်းမော်မြို့နယ်အတွင်း ကေအိုင်အေတပ်စွဲထားရာ နေရာအချို့တွင် မြန်မာ့တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲ ဖြစ်ပွားနေသည်မှာ ကိုးရက်ခန့် ကြာနေပြီ ဖြစ်ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများ ရှိကြောင်း သတင်းရရှိသည်။ ဗန်းမော်မြို့နယ် အရှေ့ဘက်နယ်စပ်နှင့် မြစ်ကြီးနား-ဗန်းမော်ကားလမ်း မလှမ်းမကမ်း ဆုံရာ နေရာတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြောင်း ကေအိုင်အေ၏ ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိ နော်ဘူက ပြောသည်။ ‘‘ဒီနေ့ တိုက်ပွဲက ညနေ ၄ နာရီလောက်ကစပြီး ကေအိုင်အေလှုပ်ရှားတပ်ရင်း ၂၅၂ တပ်စွဲထားတဲ့ အန်ခရဘုမ် တောင်ကုန်းနေရာမှာ မြန်မာ့တပ်မတော်ဘက်က လာလို့ ခုခံတိုက်ပွဲတွေ ဖြစ်နေပါတယ်’’ဟု ဆိုသည်။ တိုက်ပွဲမှာ စက်တင်ဘာ ၁၃ ရက်မှ စတင်ကာ ဖြစ်ပွားခဲ့ပြီး တစ်ရက်ခြားဆိုသလို ဖြစ်ပွားနေကာ လက်ရှိ အခြေအနေအရ တပ်မတော်က ထိုးစစ် ဆင်နေခြင်း ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးအ တွက် အတားအဆီး ဖြစ်စေကြောင်း ၎င်းက ပြောသည်။ တိုက်ပွဲနေရာအနီး အရပ်သားနေထိုင်မှု မရှိတော့ဘဲ ဒုက္ခသည် စခန်းများတွင် ရောက်ရှိနေကြောင်း ဆက်လက်ပြောသည်။ မြန်မာ့တပ်မတော်က ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ စက်တင်ဘာ ၁၇ ရက်တွင် သတင်း ထုတ်ပြန်မှုတစ်ခု ပြုလုပ်ခဲ့သည်။ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း တပ်မတော်က လုံခြုံရေး ဆောင်ရွက်နေစဉ် ကေအိုင်အေ လက်နက်ကိုင် အဖွဲ့က လာရောက် တိုက်ခိုက်ခဲ့ကြောင်း နှင့် နယ်မြေအေးချမ်းရေး ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။ ကေအိုင်အေနှင့် နီးစပ်သူ တစ်ဦးက တပ်မတော်က ကေအိုင်အေ၏စခန်းများကို ၂၁ ရာစု ပင်လုံညီလာခံ အပြီးမှစကာ သိသိသာသာ ထိုးစစ်ဆင် တိုက်ခိုက်နေသောကြောင့် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး နှစ်ဖက် ထိခိုက် ကျဆုံးမှု များပြားနေကြောင်း ပြောသည်။ ကချင်ပြည်နယ် ဒေသတွင်းတိုက်ပွဲ နောက်ဆုံး အခြေအနေများနှင့် ပတ်သက်၍ တပ်မတော် သတင်းအမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဖုန်းနံပါတ်သို့ စက်တင်ဘာ ၂၂ ရက် ည ၉ နာရီခန့်က ဆက်သွယ် မေးမြန်းရာ ပြန်လည် ဖြေကြားခြင်း မရှိပေ။
Source : http://ift.tt/2cWdOYZ
via IFTTT
No comments:
Post a Comment