တရားစီရင်ရေးစနစ် တည့်မတ်စေရန် ဆန္ဒထုတ်ဖော် တောင်းဆို ရန်ကုန်၊ စက်တင်ဘာ ၃၀ အောက်ခြေတရားရုံးများအနေဖြင့် အငြင်းပွားဖွယ် ဆုံးဖြတ်ချက်များ ဆက်လက်ဆောင်ရွက်နေပါက ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရှိရာ နေပြည်တော်သို့ သွားရောက်ဆန္ဒပြမည်ဟု ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများအဖွဲ့က ကြေညာလိုက်သည်။ ထင်ရှားသည့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဦးထင်ကျော် ခေါင်းဆောင်ပြီး လူ ၁၀၀ ခန့် ပါဝင်သည့် ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ချုပ်ရှေ့တွင် ယနေ့ ဆန္ဒပြကြခဲ့ပြီး နောက်တစ်ဆင့် လှုပ်ရှားမှုအဖြစ် ဆန္ဒထုတ်ဖော်မှု များကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်လေ့ရှိသော အစိုးရရုံးစိုက်ရာ နေပြည်တော်တွင် ဆန္ဒပြပွဲများ ကျင်းပမည်ဟု ပြောကြားလိုက်ခြင်းဖြစ်သည်။ “တရားရုံးတွေက စိတ်ခံစားမှုတွေနဲ့ (ဆုံးဖြတ်ချက်ချတာတွေ) လုပ်နေတယ်”ဟု ဦးထင်ကျော်က ဆန္ဒပြပွဲတွင် ပြောကြားခဲ့သည်။ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများ အဖွဲ့က ရာထူးမှ အနားယူသွားသည့် နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန်ကို တရားစွဲဆိုရန်လည်း ပြည်ထောင်စုအစိုးရကို တောင်းဆိုကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ဦးသိန်းစိန်သည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ဧရာဝတီ မြစ်ဆုံစီမံကိန်း၊ ကျောက်ဖြူ ရေနက် ဆိပ်ကမ်းစီမံကိန်းနှင့် သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ရောင်းစားခဲ့သည်ဟု ၎င်းတို့က စွပ်စွဲခဲ့ကြသည်။ “တရားစီရင်ရေးစနစ်ကို မတည့်မတ်နိုင်ရင် မကြာခင် အာဏာရှင်တွေလက်ထဲ အာဏာပြန်ရောက် သွားမယ်” ဟု ဦးထင်ကျော်က ပြောကြားခဲ့သည်။ သတင်း-ထွန်းခိုင်
Source : http://ift.tt/2ds1gqP
via IFTTT
No comments:
Post a Comment