၀မ်းကွဲအစ်ကိုက ပထမတန်းကျောင်းသူအား အဓမ္မပြုကျင့်သတ်ဖြတ်မှုကို ထိရောက်စွာ ကိုင်တွယ်စစ်ဆေးရန် လူမှုရေးအဖွဲ့များ တောင်းဆို ရေကြည်မြို့နယ်တွင် ပထမတန်း ကျောင်းသူတစ်ဦး အား ဝမ်းကွဲအစ်ကိုတော်စပ်သူက အဓမ္မပြုကျင့်၍ သေဆုံးခဲ့ပြီး အဆိုပါအမှုကို ထိထိရောက်ရောက် ကိုင်တွယ်စစ်ဆေးပေးရန် ဒေသတွင်း လူမှုရေးအဖွဲ့များက တောင်းဆိုသည်။ ဧရာဝတီတိုင်းဒေသကြီး ရေ ကြည်မြို့နယ် ပုသိမ်-မုံရွာလမ်း ဘေးရှိ ကျွန်းစိုက်ခင်းတစ်ခုတွင် စက်တင်ဘာ ၂၆ ရက် ညနေက ယင်းအမှု ဖြစ်ပွားခြင်း ဖြစ်ကြောင်းရေကြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး က အတည်ပြုသည်။ ရေကြည်မြို့နယ် ကုန်းပြင် ကျေးရွာ အမက စက်စက်ယို ကျောင်းတွင် ပထမတန်းတက် ရောက်နေသော အသက် (၈) နှစ် အရွယ် ကျောင်းသူကို အစ်ကိုဝမ်း ကွဲတော်စပ်သူ မိုးဇော်ဦးဆိုသူက အဓမ္မပြုကျင့်ခြင်းဖြစ်ကြောင်း ရေကြည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ကျော်ကျော်မိုးက ပြောကြားသည်။ သေဆုံးသူကျောင်းသူအား မိုးဇော်ဦးက ကျောင်းလာကြိုကာ ကျောင်းနှင့် အိမ်ကြားရှိ ကျွန်းခင်းအတွင်း ခေါ်ဆောင်၍ အဓမ္မပြုကျင့်ပြီး လည်ပင်းကိုညှစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲအုပ်ကျော် ကျော်မိုးက ပြောသည်။ မိုးဇော်ဦးကို ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၆ ရက် ည ၁၁ နာရီခန့်တွင် ဖမ်းဆီးကာ ဆက်လက် စစ်ဆေးချက်အရ သေဆုံးသူ ကျောင်းသူ ဝတ်ဆင်ထားသည့် နားကပ်ကိုယူရန် ၎င်း၏ မိန်းမနှင့် မိုးဇော်ဦးတို့က တိုင်ပင်ခဲ့ပြီး မိန်းမကို ပုသိမ်-မုံရွာလမ်းပေါ်တွင် စောင့်ခိုင်းခဲ့ကြောင်း၊ ကျောင်းသူအား ကျွန်းခြံအတွင်း ခေါ်ဆောင်သွားကြောင်း၊ နားကပ်ကို တောင်းယူစဉ် မရသောကြောင့် အဓမ္မပြုကျင့်ကာ သတ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု သတင်းရရှိသည်။ ရုပ်အလောင်းကို ကျွန်းခင်းအတွင်းထားခဲ့ကာ နားကပ်ကို ရောင်းချခဲ့သည်ဟု ရဲအုပ် ကျော်ကျော်မိုးက ပြောသည်။ ထို့ကြောင့် မိုးဇော်ဦး၏ ဇနီးကိုပါ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ လုယက်မှုနှင့် ပူးပေါင်းကြံစည်မှု ဥပဒေပုဒ်မများဖြစ်သော ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၇၆/၃၉၂/၁၁၄ တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိ သည်။ ဒေသတွင်းလူမှုရေးအဖွဲ့ ဦးဆောင်သူ ဦးလှမိုးအပါအဝင် လူမှုရေး လုပ်ဆောင်သူများက အဆိုပါအမှုကို ထိရောက်စွာ စစ်ဆေး အရေးယူပေးရန် ရဲတပ်ဖွဲ့နှင့် တရားရုံးသို့ တောင်းဆိုမည်ဖြစ်ပြီး စောင့်ကြည့်မည်ဟုပြောသည်။
Source : http://ift.tt/2d8uIo6
via IFTTT
No comments:
Post a Comment