အမေရိကန် GSP မြန်မာ အထည်ချုပ် ကုန်စည် ခံစားခွင့်မရ၍ တင်ပို့မှု သိသာစွာ မတိုးနိုင် ရန်ကုန်၊ စက်တင်ဘာ ၂၉ အမေရိကန်ပြည်ထောင်စုက မြန်မာ နိုင်ငံအပေါ် ပြန်လည်ပေးအပ်မည့် ကုန်သွယ် ခွင့်ဆိုင်ရာ အထူးအခွင့်အရေး (Generalized System of Preference-GSP) ကို မြန်မာ့အထည်ချုပ် ကုန်စည်များ ခံစားခွင့် မရ၍ တင်ပို့မှု သိသာစွာ မတိုးနိုင်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။ အဆိုပါ GSP အခွင့်အရေးကို မြန်မာနိုင်ငံမှ ကုန်စည်ပေါင်း ၅,ဝဝဝ ကျော်ကို ပေးအပ်မည် ဖြစ်သော်လည်း အထည်အလိပ် ကုန်ပစ္စည်းများ မပါဝင်သဖြင့် GSP အခွင့်အရေး ခံစားခွင့် မရကြောင်း ၎င်းကဆိုသည်။ “စီးပွားရေး ပိတ်ဆို့မှုတွေ ဖွင့်လိုက်တယ်။ ပိတ်ဆို့မှုနဲ့အတူ ကုန်သွယ်ခွန် အထူး သက်သာခွင့် GSP လည်း ပြန်ပေးတယ်။ ကုန်ပစ္စည်း အမျိုးစားပေါင်း ၅ဝဝဝ အထိ (GSP အခွင့်အရေး) ပေးတယ်လို့ပြောတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက အဲဒီ ၅ဝဝဝ ထဲမှာ အထည်အလိပ် မပါဘူး”ဟု ၎င်းက ဆိုသည်။ အမေရိကန်ပြည်ထောင်စုက ပေးအပ်သည့် GSP အခွင့်အရေး ရသော နိုင်ငံများ အားလုံးသည် ကုန်စည် ၃၅ဝဝ အပေါ် အကောက်ခွန် ကင်းလွတ်ခွင့် ရရှိပြီး မြန်မာနိုင်ငံ ကဲ့သို့သော ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ (LDC) များအတွက် ထပ်တိုး ကုန်စည် ၁၅ဝဝ ကျော်ကို အခွန်ကင်းလွတ်ခွင့်ပြုထားကာ အဝတ်အထည်နှင့် ဖိနပ် ကုန်စည်များကို GSP ပေးမထားပေ။ လက်ရှိတွင် အမေရိကန်သို့ အထည်ချုပ်ကုန်များ တင်ပို့မှု အမေရိကန်ဒေါ်လာ ၁၈၈ သန်း ဝန်းကျင်သာ ရှိနေပြီး GSP စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများ ဖယ်ရှားလိုက်ခြင်းကြောင့် အမေရိကန်မှ အထည်ချုပ် အမှာအော်ဒါများ ပိုမို လက်ခံရရှိနိုင်ကြောင်း ၎င်းက ဆိုသည်။ မြန်မာနိုင်ငံ၏ အထည်ချုပ် ကုန်များကို ဂျပန်နိုင်ငံသို့ အများဆုံး တင်ပို့နေခြင်း ဖြစ်ပြီး ၂ဝ၁၃ ခုနှစ်က မြန်မာနိုင်ငံကို GSP အခွင့်အရေး ပြန်ပေးအပ်သည့် ဥရောပ သမဂ္ဂ (အီးယူ) နှင့် တောင်ကိုးရီးယားနိုင်ငံတို့သို့ အဓိက တင်ပို့လျက် ရှိသည်။ ၁၉၈၉ ခုနှစ်တွင် ပြန်လည် ရုပ်သိမ်းခဲ့သည့် အမေရိကန် GSP အခွင့်အရေးကို ယခုနှစ် စက်တင်ဘာလအတွင်း အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် တရားဝင် ပြန်လည် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
Source : https://goo.gl/UBxtpl
via IFTTT
No comments:
Post a Comment