တပ်မတော်က KIA ကို စခန်းသိမ်းတိုက်ပွဲ တွေစလုပ် မြန်မာ အစိုးရ တပ်မတော်က ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော်ရဲ့ စခန်းတွေကို သိမ်းဖို့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ကေအိုင်အေဖက်က ပြောပါတယ်။ ကချင်ပြည်နယ် အတွင်းက ကေအိုင်အေ အတွက် ဗျူဟာ အရ အရေးပါတဲ့ ဂိဒေါင် Gidon စခန်းကို အစိုးရ တပ်မတော် ဖက်က ရက်အတန်ကြာ အပြင်းအထန် ထိုးစစ်တွေ ဆင်နေပြီး ကေအိုင်အေ နယ်စပ် ဌာနချုပ်ဖြစ်တဲ့ ပါဂျောင်ကို စစ်ဆင်ရေးတွေ စလုပ်ဖို့ လည်း ဆောင်ရွက် နေတယ်လို့ ကေအိုင်အေဖက်က စွပ်စွဲ ပြောဆိုပါတယ်။ တပ်မတော်ဖက်က ထိုးစစ်တွေ နဲ့ တိုက်ခိုက်နေတာ ရက်ပေါင်း ၂၀ ကျော်ရှိနေပြီဖြစ်ပြီး လိုင်ဇာ ဌာနချုပ်နဲ့ အလွန်နီးကပ်တဲ့ ဂိဒေါင် စခန်းကို မရမနေ တိုက်ပြီး သိမ်းယူမယ် ဆိုတဲ့ သတင်းတွေ ကြားနေရ တယ်လို့ ကေအိုင်အေ နည်းပညာ အကြံပေးအဖွဲ့ တာဝန်ခံ ဦးဒေါင်ခါးက ဘီဘီစီကို ပြောပါတယ်။ ဂိဒေါင် စခန်းကို စစ်ကြောင်း သုံးကြောင်း ပါဝင်တဲ့ အင်အား အလုံးအရင်းနဲ့ တိုက်ခိုက်ဖို့ စီမံချက်ရှိတာ သိရပြီး စက်တင်ဘာလ ၂၈ ရက်နေ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ် ခဲ့တယ်လို့ ဦးဒေါင်ခါးကပြောပါတယ်။ လေယာဉ်တွေနဲ့ပါ အဲဒီကို သွားခဲ့ပေမဲ့ ပစ်ခတ်လို့ မရတဲ့ အတွက် ပြန်လှည့် သွားတယ်လို့ သတင်းတွေ ရရှိကြောင်းလည်း သူကဆိုပါတယ်။ စက်တင်ဘာလ ၂၉ ရက် ညနေမှာ ပါဂျောင်စခန်းဖက်မှာလည်း အင်အားအလုံးအရင်နဲ့ စစ်ရေး ပြင်ဆင်တာ တွေ့နေရပြီး ထိုးစစ်ဆင်ဖို့ ပြင်နေကြောင်း သိရတယ်လို့လည်း ဦးဒေါင်ခါးကပြောပါတယ်။ ကေအိုင်အေကို ထိန်းချုပ်နိုင်မယ့် ဗျူဟာမြောက် တောင်ကုန်းတွေကို တပ်မတော်ဖက်က တိုက်လေယာဉ်တွေပါ သုံးပြီး မရမနေ ထိုးစစ်ဆင်တဲ့ အတွေ့အကြုံက ငါးနှစ်အတွင်းမှာ ကြုံလာခဲ့ရတာ အခုချိန်ထိပဲလို့ သူကဆိုပါတယ်။ ကေအိုင်အေဖက်ကလည်း ကိုယ့်နယ်မြေကို ကာကွယ်တဲ့ အနေနဲ့ ပြန်လည် တိုက်ခိုက်ခဲ့ရတယ် လို့ ဦးဒေါင်ခါးကဆိုပါတယ်။ တိုက်ပွဲ တွေကြောင့် နှစ်ဖက် ထိခိုက် သေဆုံးမှုတွေ ရှိခဲ့ရာမှာ ကေအိုင်အေဖက်က တပ်ကြပ် အဆင့် နဲ့ အရာခံဗိုလ် အဆင့် သုံးယောက် သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ တချို့လည်း ရှိတယ်လို့ ကေအိုင်အေ ဖက်က ပြောပါတယ်။
Source : http://ift.tt/2dfiSYC
via IFTTT
No comments:
Post a Comment