ပြည်ထဲရေး ၀န်ကြီးဌာနမှ ဦးစီးဌာန ငါးခုကို တိုင်း/ပြည်နယ် ၀န်ကြီးချုပ်၏ ကွပ်ကဲမှုအောက် ထားရှိခြင်းကို ပြန်လည်ပယ်ဖျက် ရန်ကုန်၊ စက်တင်ဘာ ၂၆ ပြည်ထဲရေး၀န်ကြီးဌာန လက်အောက်ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ( သတင်း ရဲတပ်ဖွဲ့နှင့် ရဲလုံခြုံရေး ကွပ်ကဲမှု အဖွဲ့များမပါ) ၊အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့ကို ဝန်ကြီးချုပ်၏ ကွပ်ကဲမှုဖြင့် သက်ဆိုင်ရာ တိုင်း/ပြည်နယ် ၀န်ကြီးဌာနများအောက်သို့ ထည့်သွင်းဖွဲ့စည်းမှုကို ပြန်လည် ပယ်ဖျက်လိုက်ကြောင်း ပြည်ထဲရေး၀န်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသို့ အကြောင်းကြားစာ ပေးပို့လိုက်သည်။ စက်တင်ဘာလ ၂၂ ရက်စွဲဖြင့် ပေးပို့သော အကြောင်းကြားစာတွင် ပြည်ထဲရေး၀န်ကြီးဌာန အုပ်ချုပ်မှုအောက်ရှိ ဦးစီးဌာနငါးခုကို တိုင်း/ပြည်နယ် ဝန်ကြီးချုပ်၏ ကွပ်ကဲမှုဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးဌာနများ အောက်သို့ သင့်တော်သလို ထည့်သွင်းဖွဲ့စည်း၍ တာ၀န်ပေး ဆောင်ရွက်ရန်ဟူသော စာသားကို ပယ်ဖျက်၍ သက်ဆိုင်ရာ တိုင်း/ပြည်နယ် အစိုးရအဖွဲ့၀န်ကြီး ချူပ်များအနေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၅၆ နှင့် ၂၆၀ အရလည်းကောင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရဥပဒေ ပုဒ်မ ၃၀ အရလည်းကောင်း ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ ပေါင်းစပ် ညှိနှိုင်းပေးခြင်း ပြုနိုင်သည်ဟု ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ "ပထမ ထွက်တဲ့စာက ပြည်ထဲရေး ဝန်ကြီးဌာနအောက်က ဦးစီးဌာန ငါးခုကို ဝန်ကြီးချုပ်ရဲ့ စီမံမှုအောက်မှာ ထည့်သွင်း ဖွဲ့စည်းရန်ဆိုပြီး စာက ထွက်ပြီးပြီ။အခုစာက ဒုတိယဖြစ်တယ်၊ ပြည်ထဲရေး ၀န်ကြီးအောက်မှာပဲ ဦးစီးဌာနတွေကို ပြန်ထားမယ်ဆိုတဲ့ သဘောကို သူတို့ တွေ ပြန်လုပ်နေတာဖြစ်တယ်" ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးက ဆိုသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပြည် ထဲရေး ၀န်ကြီးဌာနသို့ အတည်ပြုမေးမြန်းခဲ့ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၅၆ နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ဥပဒေအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း လက်ထောက် အတွင်းဝန် ဦးမောင်မောင်မြင့်က ပြန်လည်ဖြေကြားသည်။ ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့၏ ကွပ်ကဲမှုအောက်တွင်သာ ရှိသင့်ပြီး တသီးတခြားအဖြစ် ရှိနေခြင်းမှာ ဒီမိုကရေစီ စံနှုန်းနဲ့ ကိုက်ညီမှု မရှိကြောင်း ပျဉ်းမနား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင်က မှတ်ချက်ပေးသည်။
Source : https://goo.gl/L88SIg
via IFTTT
No comments:
Post a Comment