Saturday, September 24, 2016


မြန်မာ့တပ်မတော်၏ အစောဆုံး မှတ်တိုင် မွမ်းမံမည် ရန်ကုန်၊ စက်တင်ဘာ ၂၃ မြန်မာ့လွတ်လပ်ရေး တပ်မတော် (BIA) ၏ မြန်မာနယ်မြေသို့ ဝင်ရောက် သိမ်းပိုက်စဉ်အတွင်း အစောဆုံး စိုက်ထူခဲ့သော သမိုင်းဝင် မှတ်တိုင်ကို အဆင့်မြှင့်တင်ကာ သမိုင်းပြတိုက် တည်ဆောက်သွားမည် ဖြစ်ကြောင်း တည်ဆောက်ရေး ကော်မတီထံမှ သိရသည်။ BIA ၏ ထားဝယ်စစ်ကြောင်း မြန်မာနိုင်ငံအတွင်း ဝင်ရောက်ပြီးနောက် ၁၉၄၂ ခုနှစ် ဇန်နဝါရီလအတွင်း စိုက်ထူခဲ့သော မှတ်တိုင် ဖြစ်ပြီး ထားဝယ်မြို့နယ် တောင် သုံးလုံး ကျေးရွာတွင် တည်ရှိသည်။ မှတ်တိုင်တွင်မူ မြန်မာသက္ကရာဇ် ၁၃ဝ၃ ခုနှစ် တပို့တွဲ လဆန်း ၄ ရက်နေ့ (ခရစ်နှစ် ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်) သိမ်းပိုက်သည်ဟု ရေးသားထားသည်။ ထိုမှတ်တိုင်၏ အရှည်မှာ ၁ဝ၈ ပေ ရှိပြီး ကြီးစဉ် ငယ်လိုက် အဆင့် ကိုးဆင့်ရှိသော အင်္ဂတေခုံပေါ်တွင် စိုက်ထူထားသည်။ ပြန်လည် မွမ်းမံရာတွင် BIA ရဲဘော် ရုပ်တုများ၊ ဘီအိုင်အေ ကျောက်စာတို့အပြင် သမိုင်းပြတိုက် တစ်ခုလည်း တည်ဆောက်သွားမည်ဖြစ်သည်။ သမိုင်းပြတိုက်တွင် သုံးဖက်မြင် ပန်းချီကားများ၊ မော်ကွန်းဝင် တံဆိပ်များ၊ ဓားများ ထည့်သွင်း သွားမည်ဖြစ်ကြောင်း တည်ဆောက်ရေး ကော်မတီထံမှ သိရသည်။ “ခရီးသွားတွေ စိတ်ဝင်စားအောင်၊ လည်ပတ်စရာ နေရာ တစ်ခု ဖြစ်အောင် လုပ်ဆောင်သွားမယ်”ဟု ကော်မတီ အတွင်းရေးမှူး ဦးရာဇာစိုးက ဆိုသည်။ မွမ်းမံ တည်ဆောက်မှုကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ စိန်ရတု အထိမ်းအမှတ် အမီ ပြီးစီးရန် ရည်မှန်းထားကြောင်း ကော်မတီ၏အဆိုအရ သိရသည်။ မှတ်တိုင်နှင့် ပြတိုက် မွမ်းမံ တည်ဆောက်ရန်အတွက် သိန်း ၂ဝဝဝ ဝန်းကျင် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး အလှူငွေများကို လုပ်ငန်းရှင်များနှင့် အများပြည်သူထံမှ အလှူခံထားသည်။ မြန်မာ့ တပ်မတော်ကို မြန်မာ့လွတ်လပ်ရေး တပ်မတော်အဖြစ် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီး ထားဝယ် စစ်ကြောင်းကို ဗိုလ်လက်ျာ (သခင်လှဖေ) က ဦးစီးခဲ့သည်။ မှတ်တိုင် တည်ရှိရာ တောင်သုံးလုံး ရွာသည် ထားဝယ်မြို့မှ အရှေ့ဘက် ၂၈ မိုင် အကွာတွင် ရှိပြီး ကရင် အမျိုးသား အစည်းအရုံးနှင့် တပ်မတော်တို့၏ စစ်ရေး ပဋိပက္ခ နယ်မြေအဖြစ် နှစ်ပေါင်း များစွာ တည်ရှိခဲ့သည်။ မှတ်တိုင်နှင့် ပြတိုက် မွမ်းမံတည်ဆောက်ရေးအတွက် စက်တင်ဘာလ ၂၃ ရက်နေ့တွင် တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့က ပန္နက်ချခဲ့သည်။
Source : https://goo.gl/dpgw5v
via IFTTT

No comments:

Post a Comment