လယ်ယာမြေ မှတ်ပုံတင်ခြင်းနှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးခြင်း ဆောင်ရွက်ရာတွင် စနစ်ကျမှု မရှိခြင်း၊ အငြင်းပွားမှုများကို မှန်ကန်စွာ ဖြေရှင်းနိုင်မှု မရှိခြင်းတို့ကြောင့် တောင်သူလယ်သမားများ ဒုက္ခရောက်နေကြောင်း လွှတ်တော်ကိုယ်စားလှယ် တင်ပြ လယ်ယာမြေ မှတ်ပုံတင်ခြင်းနှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးခြင်း ဆောင်ရွက်ရာတွင် စနစ်ကျမှု မရှိခြင်း၊ အငြင်းပွားမှုများကို မှန်ကန်စွာ ဖြေရှင်းနိုင်မှု မရှိခြင်းတို့ကြောင့် တောင်သူလယ်သမားများ ဒုက္ခရောက်နေရကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိမ်းက လွှတ်တော်၌ မေးခွန်းမေးမြန်းစဉ် ပြောကြားခဲ့သည်။ စက်တင်ဘာ၂၂ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိမ်းက ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းနှင့် ပုံစံသတ်မှတ်မှုများကို တစ်ပေါင်းတည်းဖြင့် လယ်ယာမြေဥပဒေ လက်စွဲအဖြစ် စာအုပ်ဖြန့်ဝေ ပေးနိုင်ခြင်းနှင့် ဆင့်ပွားသင်တန်းပေး ဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိနှင့် ပတ်သက်သည့် မေးခွန်းမေးမြန်းစဉ် ပြောကြားခဲ့သည်။ ဦးဘမျိုးသိမ်းက “တောင်သူတွေအတွက် အလွန်အရေးပါတဲ့ လယ်ယာမြေ မှတ်ပုံတင်ခြင်းနဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးခြင်း လုပ်ငန်းတွေကို စနစ်ကျမှု မရှိခြင်း၊ အချိန်ယူဆောင်ရွက်မှု မရှိခြင်းတို့ကြောင့် ကောင်းကျိုးထက် ဆိုးကျိုးတွေကိုသာ တောင်သူတွေ ခံစားနေကြရပါတယ်” ဟု ပြောကြားခဲ့သည်။ ထိုကဲ့သို့ ဆိုးကျိုးများ ပေါ်ပေါက်လာရခြင်း၏ အဓိကအချက်မှာ ၂၀၁၂ လယ်ယာမြေဥပဒေ အတည်ပြု ပြဋ္ဌာန်းပြီးနောက် ၂၀၁၃ ခုနှစ်မှ စတင်ကာ မြေယာမှတ်ပုံတင် လုပ်ငန်းများ၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်များ ထုတ်ပေးခြင်းကို အလျင်စလို ပြုလုပ်ခဲ့ခြင်း၊ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ စနစ်တကျ ဆောင်ရွက်မှု အလွန်အားနည်းခြင်း၊ ဝန်ထမ်းအင်အား မပြည့်စုံခြင်း၊ အချို့နေရာများတွင် ဝန်ထမ်းအင်အား ထက်ဝက်ခန့်သာ ရှိသော်လည်း ရှိသည့်အင်အားနှင့် မဖြစ်မနေ ပြီးမြောက်အောင် ဆောင်ရွက်ရခြင်း၊ ဝန်ထမ်းများကိုလည်း ဥပဒေ လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြိုတင်လေ့ကျင့် သင်ကြားပေးထားမှု မရှိခြင်း၊ အကျိုးဆက်အားဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားစဉ် အငြင်းပွားမှုများ၊ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုများကို မှန်ကန်စွာ ဖြေရှင်းနိုင်မှု မရှိခြင်း၊ မလိုအပ်ဘဲ တရားရုံးများ၌ မပြီးစီးနိုင်သော လယ်ယာမြေမှုခင်းများနှင့် ရင်ဆိုင်ရကာ တောင်သူလယ်သမား ဒုက္ခရောက်နေခြင်းများ ဖြစ်ပေါ်လျက် ရှိကြောင်း ဦးဘမျိုးသိမ်းက ပြောကြားခဲ့သည်။ ထို့အတွက် မြေယာမှတ်ပုံတင်ခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အလျင်စလို ထုတ်ပေးထားခဲ့သော အသုံးပြုခွင့် လက်မှတ်များအား မြေပြင်အခြေအနေ အမှန်အတိုင်း ပြင်ဆင်ခွင့်ပြုခြင်း၊ တစ်ပြည်လုံး အတိုင်းအတာအရ သက်ဆိုင်ရာ ဝန်ထမ်းများအား ဥပဒေပါ အချက်အလက်များ၊ ပညာပေး သင်တန်းများဖြင့် ဟောပြောပို့ချပေးရန် လိုအပ်နေပြီဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။ အဆိုပါ မေးမြန်းမှုအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေစာအုပ်များကို ဖြန့်ဝေရောင်းချ ပေးလျက်ရှိကြောင်း၊ ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တောင်သူများ အကျိုးခံစားခွင့် ရရှိနိုင်ရေး အတွက် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့များမှ ဆင့်ပွားပညာပေး သင်တန်းများ တိုးချဲ့ဆောင်ရွက် ပေးလျက်ရှိကြောင်း ဖြေကြားခဲ့သည်။
Source : http://ift.tt/2dc6VBp
via IFTTT
No comments:
Post a Comment