မန္တလေးမြို့ပေါ်ရှိ လောင်းကစားဒိုင်ကြီးများ လွတ်နေဆဲဟု လွှတ်တော် ကိုယ်စားလှယ်ပြော မန္တလေးမြို့တော်အတွင်း ပေါ်ပေါ်တင်တင် လုပ်ကိုင်နေသည့် လောင်းကစား ဒိုင်ကြီးများ အရေးယူမခံရဘဲ လွတ်မြောက်နေကြောင်း အောင်မြေသာစံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ဦး (ခ) ဦးအောင်ကျော်ဦးက ပြောကြားသည်။ တရားဥပဒေစိုးမိုးမှု အားနည်းနေသည်ကို အကြောင်းပြု၍ လောင်းကစားဝိုင်းကြောင့် ပြည်သူများအနေနှင့် ဆင်းရဲသည်ထက် ဆင်းရဲနေကြရသည်ဟု ၎င်းကဆိုသည်။ "ခုဖြစ်နေတဲ့ အခြေအနေက နှစ်ရာဖိုး၊ သုံးရာဖိုး ချဲထိုးကြတဲ့ ပြည်သူတွေကိုတော့ ဖမ်းတယ်။ မြို့လယ်ကောင်မှာ အဆောက်အအုံ အခိုင်အမာနဲ့ လုပ်နေကြတဲ့ ဒိုင်ကြီးတွေကို ဖမ်းဆီးမှု မရှိဘူး ဖြစ်နေတယ်" ဟု ဒေါက်တာကျော်ဦးက ထောက်ပြသည်။ ရဲတပ်ဖွဲ့အနေနှင့် ပြည်သူများ၏ တိုင်ကြားချက်များအရ လောင်းကစားဒိုင်များကို ဖမ်းဆီးမှုများ ရှိခဲ့သည့်အပြင် ရဲတပ်ဖွဲ့၏ အစီအစဉ်ဖြင့် ဖမ်းဆီးခြင်းများလည်း ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းအောင်က တုံ့ပြန် ပြောကြားသည်။ "နောက်ကွယ်က ကြိုးကိုင်တဲ့လူက ပြစ်မှုထင်ရှား ကျူးလွန်တဲ့ နေရာမှာ မရှိသရွေ့ သက်သေအထောက်အထား မခိုင်လုံသေးသရွေ့ အရေးယူတဲ့ နေရာမှာ ထိရောက်မှုရှိမှာ မဟုတ်ပါဘူး၊ သတင်းရလို့ သွားဖမ်းတဲ့အခါမှာ ပြစ်မှုကျူးလွန်တဲ့ နေရာမှာ ရောက်နေပြီး ဆောင်ရွက်နေတဲ့ လူတွေကိုပဲ ဖမ်းဆီးရတာဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ လောင်းကစားဒိုင်များသည် မမြင်ကွယ်ရာ များတွင်သာမက ရဲစခန်းအနီးအနား နေရာများတွင်ပါ လုပ်ကိုင်နေကြရာ ရဲတပ်ဖွဲ့က ဖမ်းဆီး ရေးယူခြင်းမရှိသောကြောင့် ရဲတပ်ဖွဲဝင်များအနေနှင့် မန္တလေးမြို့ခံများ၏ ဝေဖန်ပြောဆိုခြင်း ခံနေရသည်။ "ကျွန်တော်တို့ ရပ်ကွက်ထဲမှာဆို ငါးဂိမ်းဆိုင်ကြီးတစ်ခု ပေါ်တင်ပဲ လုပ်နေတာ၊ လူတွေဆိုလည်း ဝင်လိုက်ထွက်လိုက်ပဲ၊ နေရာက ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနဲ့ ဘာမှမဝေးဘူး၊ တစ်ခါတလေမှာ အရပ်ဝတ်နဲ့ ရဲတွေကိုယ်တိုင် ဝင်ထွက်နေကြတာ တွေ့နေရတယ်" ဟု ချမ်းမြသာစည်မြို့နယ် (ဆ) ရပ်ကွက်တွင် နေထိုင်သည့် အမည်မဖော်လိုသည့် အသက် ၃၀ ခန့်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၄ ခုနှစ်အတွင်းက လောင်းကစားမှု ၄၃၄ မှုမှ အမျိုးသားတရားခံ ၈၄၄ ဦး၊ အမျိုးသမီး တရားခံ ၃၆၂ ဦး၊ ၂၀၁၅ ခုနှစ်အတွင်း လောင်းကစားမှု ၃၀၇ မှုမှ အမျိုးသား တရားခံ ၅၃၃ ဦး၊ အမျိုးသမီး တရားခံ ၂၁၅ ဦး၊ ၂၀၁၆ ခုနှစ် စက်တင်ဘာလဝက် အထိ လောင်းကစားမှု ၂၆၃ မှု၊ အမျိုးသား တရားခံ ၄၇၃ ဦး၊ အမျိုးသမီး တရားခံ ၁၉၄ ဦးတို့ကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။
Source : https://goo.gl/QTe0pK
via IFTTT
No comments:
Post a Comment