ထိုင်းဘုရင် ကျန်းမာရေး အခြေအနေမကောင်းဟု နန်းတော် ထုတ်ပြန် ဘန်ကောက်၊ အောက်တိုဘာ ၁ဝ ကမ္ဘာပေါ်တွင် နန်းသက်အရှည်ဆုံး ထိုင်းဘုရင်၏ ကျန်းမာရေး အခြေအနေ တည်ငြိမ်မှု မရှိကြောင်းနှင့် လက်ရှိတွင် ဆေးဝါးကုသမှုကို ဆက်လက် ခံယူနေရကြောင်း ဘုရင့်နန်းတော် တာဝန်ရှိသူများက ပြောကြားသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။ ဘုရင်ဘူမိဘော အဒူလယာဒက်ချ်သည် နိုင်ငံတစ်ဝန်း ကြည်ညိုလေးစားခြင်း ခံရသူတစ်ဦး ဖြစ်ပြီး ထိုင်းနိုင်ငံ၏ စိတ်ဝမ်းကွဲနေသော နိုင်ငံရေး နယ်ပယ်တွင် သြဇာကြီးသူဟု ရှုမြင်ခြင်း ခံရသည်။ လူမြင်ကွင်းမှ လအတန်ကြာ ပျောက်နေပြီး မနှစ်က ဆေးရုံပေါ်တွင် အချိန်တော်တော်များများ ဖြုန်းခဲ့ရသော ထိုင်းဘုရင်သည် လက်ရှိ နှစ်ပိုင်းများတွင် အိုမင်းလာမှုကြောင့် ရောဂါဝေဒနာ ပေါင်းစုံကို ကုသမှု ခံယူနေရသည်။ တနင်္ဂနွေနေ့ ညပိုင်းက ထုတ်ပြန်သော နန်းတော်ကြေညာချက်တွင် ဘုရင်သည် ကျောက်ကပ်ပျက်စီးမှုကို ကုသရာတွင် အသုံးပြုသည့် Haemodialysis ကုထုံးအတွက် ပြင်ဆင်နေရသောကြောင့် သွေးပေါင်ချိန် ကျဆင်းသွားခဲ့သည်ဟု ဖော်ပြထားသည်။ ဘုရင်၏ သွေးပေါင်ချိန် ပုံမှန်အခြေအနေ ပြန်ဖြစ်လာစေရန် အထူးကြပ်မတ် ကုသနေပြီး ဆရာဝန်များက အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။ ထိုင်းတော်ဝင်မိသားစုရေးရာ ဌာနသည် လက်ရှိလပိုင်းများအတွင်း ဘုရင်၏ ကျန်းမာရေး သတင်းအချက်အလက်များကို မကြာခဏ ထုတ်ပြန်ပေးခဲ့ရာ ယခုလ အစောပိုင်း ကြေညာချက်၌ ဘုရင်သည် အသက်ရှူလမ်းကြောင်း ပိုးဝင်မှုရောဂါမှ ပြန်လည်သက်သာလာခဲ့ပြီဟု ဖော်ပြထားသည်။ နိုင်ငံရေးစိတ်ဝမ်းကွဲမှုများ၊ အကြမ်းဖက်မှုများ ကြီးထွားနေသော အခြေအနေတွင် ပေါင်းစည်း ညီညွတ်မှု သင်္ကေတအဖြစ် ထိုင်းဘုရင်ကို ရှုမြင်ကြသောကြောင့် ဘုရင်ကြီး၏ ကျန်းမာရေး အခြေအနေကို အားလုံးက အနီးကပ် စောင့်ကြည့်အကဲခတ်နေကြသည်။
Source : https://goo.gl/N8XECt
via IFTTT
No comments:
Post a Comment