Thursday, October 13, 2016


တရားမဝင်ငါးဖမ်းနေမှုကြောင့် လယ်ဧက ၆၀၀၀ ကျော် စပါးစိုက်ပျိုးရန် အခက်တွေ့နေ ကျောင်းကုန်းမြို့နယ်ရှိ ဗြိုက်ကြီးရေနုတ်မြောင်းကို ပိတ်ဆို့၍ တရားမဝင်ငါးဖမ်းဆီးမှု လုပ်ဆောင်နေသည့်အတွက် ရေစီးဆင်းမှုမရှိဘဲ လယ်ဧက ၆၀၀၀ ကျော် စပါးစိုက်ပျိုးရန် အခက်တွေ့နေကြောင်း ဒေသခံတောင်သူများက ပြောသည်။ ကျောင်းကုန်းမြို့နယ်၊ ဗြိုက်ကြီးကျေးရွာခံ တောင်သူဦးစိန်သောင်းက “ရေအဓိက ထွက်ပေါက်ဖြစ်တဲ့ ဗြိုက်ကြီးရေနုတ်မြောင်းကို အင်းပိတ်ပြီး ငါးဖမ်းနေတော့ ရေမကျနိုင်ဘူး ဖြစ်နေတယ်။ ရေမကျနိုင်တော့ စပါးစိုက်ချိန် ရောက်နေတာကို စပါးမစိုက်ရဖြစ်ပြီး ဒုက္ခရောက်နေတယ်” ဟု ဧရာဝတီကို ပြောသည်။ ဗြိုက်ကြီးရေနုတ်မြောင်းကို ပိတ်ဆို့ ငါးဖမ်းနေမှုကြောင့် ကျောင်းကုန်းမြို့နယ်ပိုင် ဗြိုက်ကြီး၊ လက်ပံချောင်း၊ ရွှေပန်းငူ၊ လှည်းဆိပ်နှင့် ယိုးဒယားတပ်ကျေးရွာရှိ ရေကျနောက်စိုက် လယ်ဧက ၂၆၀၀ နီးပါး၊ သာပေါင်းမြို့နယ်ပိုင် ဘုရားနီ၊ စစ်ပင်ကြီး၊ ဂုံမင်းနှင့် သပြေကျွန်း ကျေးရွာတို့ရှိ လယ်ဧက ၃၅၀၀ နီးပါး၊ ရေကြည်မြို့နယ် ယိုးဒယားတပ်ကျေးရွာမှ လယ်ဧက ၃၀၀ နီးပါး အပါအဝင် စုစုပေါင်း ရေကျနောက်စိုက် လယ်ဧက ၆၄၀၀ ကျော် စပါးစိုက်ပျိုးရန် အခက်တွေ့နေကြောင်း ဒေသခံလယ်သမားများက ပြောသည်။ ဗြိုက်ကြီးကျေးရွာခံ ကိုသက်မျိုးဦးက “စပါးစိုက်ချိန် နောက်ကျရင် စပါးဝင်းမှည့်တဲ့ ဇန်နဝါရီလ လောက်ဆို နှင်းခါးရိုက်ပြီး စပါးအရည်အသွေး မကောင်းတာ၊ အထွက်နှုန်း ထိခိုက်တာ ဖြစ်တယ်။ မနှစ်ကလည်း ဒီလိုရေတားပြီး အင်းပိတ်ငါးဖမ်းလို့ စပါးအထွက်နှုန်းကျတာ ကြုံခဲ့ရတယ်။ ဒီနှစ်မှာတော့ အဲဒီလိုမျိုး အလားတူမဖြစ်အောင် ဧရာဝတီတိုင်းအစိုးရက လုပ်ဆောင်ပေးစေချင်ပါတယ်” ဟု ပြောသည်။ ဗြိုက်ကြီးရေနုတ်မြောင်းသည် သာပေါင်း၊ ရေကြည်၊ ကျောင်းကုန်းနှင့် ကန်ကြီးထောင့်မြို့နယ်တို့ကို ရေလမ်းခရီးဖြင့် အဓိကဆက်သွယ်ပေးထားသည့် မြောင်းတခုဖြစ်ပြီး နေ့စဉ် မော်တော်အစီးရေ ၁၀၀ ကျော် ဖြတ်သန်းသွားလာနေသည့် လမ်းကြောင်းတခုဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ကျောင်းကုန်းဒေသခံ ဦးမြင့်မောင်က “ ဗြိုက်ကြီးရေနုတ်မြောင်းက ကျောင်းကုန်းမြို့နယ် ထဲမှာ ရှိတာပါ။ အင်းသားကြီး ဦးစိုးမင်းဦး လုပ်ပိုင်ခွင့်ရတဲ့ အင်းကသာပေါင်း မြို့နယ်ထဲက အင်း။ အဲဒါကို သူ့အင်းနယ်နိမိတ်နဲ့ ၁ မိုင် လောက်ဝေးတဲ့ ကျောင်းကုန်းနယ်ထဲက ဗြိုက်ကြီးမြောင်းထဲလာပြီး မျဉ်းဝန်း (ရေနုတ်မြောင်း အတွင်း ပိတ်ဆို့ကာရံ ငါးဖမ်းနေမှု) လုပ်ပြီးတော့ ငါးလာဖမ်းနေတယ်” ဟု ပြောသည်။ သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက အင်းသားကြီး ဦးစိုးမင်းဦးအား ၎င်းလုပ်ပိုင်ခွင့် ရရှိထားသည့် အိုင်ကြီးဆည် ၄ ဂရမ်တွဲအင်းကို အောက်တိုဘာလ ၁၇ ရက်မှ စတင်ငါးဖမ်းရန် သတ်မှတ်ပေးထားသော်လည်း ဦးစိုးမင်းဦးက သြဂုတ်လ ၃၁ ရက်မှ စတင်၍ အင်းပိတ်ပြီး ငါးဖမ်းနေသည့်အတွက် ဒေသခံတို့၏ သွားလာရေး နေ့စဉ်အခက်တွေ့နေရကြောင်း ဒေသခံများက ပြောသည်။ ထိုသို့ တရားမဝင် ငါးဖမ်းမှုများ ပြုလုပ်နေသည့် အင်းသားကြီး ဦးစိုးမင်းဦးကို အင်းစည်းကမ်း ဖောက်ဖျက်မှုဖြင့် တရားစွဲဆို အရေးယူသွားမည်ဟု သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးတင်ထွန်းက ပြောသည်။ “အင်းသားကြီး စိုးမင်းဦးရဲ့ ငါးစဖမ်းရမယ့် အချိန်က အောက်တိုဘာလ ၁၇ ရက်မှ ဖမ်းရမှာပါ။ အဲဒါကို အချိန်မတိုင်ခင် ငါးကြိုဖမ်းတဲ့အတွက် သူ့ကို တိုင်းငါးလုပ်ငန်းရုံးကိုခေါ်ပြီး အင်းချိန်မတိုင်ခင် ငါးမဖမ်းဖို့ ခံဝန်ကတိ ထိုးခိုင်းပြီးသားပါ။ ဒါကို မလိုက်နာဘဲ ငါးဆက်ဖမ်းတဲ့အတွက် ကျနော်က တရားလိုလုပ်ပြီး မြို့နယ်တရားရုံးမှာ ရေချိုငါးလုပ်ငန်း ဥပဒေပုဒ်မ ၄၆ အရ အင်းစည်းကမ်းဖောက်ဖျက်မှုနဲ့ တရားစွဲဆိုသွားမယ်”ဟု ဦးတင်ထွန်းက ပြောသည်။ ဒေသခံများက ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် အင်းသားကြီးစိုးမင်းဦးကို တရားစွဲဆို အရေးယူသည့်အပြင် ဒေသခံများအား ထိခိုက်မှု ဖြစ်စေသည့် မျဉ်းဝန်း(ရေနုတ်မြောင်းအတွင်း ပိတ်ဆို့ကာရံငါးဖမ်းနေမှု) ကို အမြန်ဆုံး ဖျက်သိမ်းပေးစေလိုကြောင်း ပြောဆိုသည်။
Source : https://goo.gl/9CmWeH
via IFTTT

No comments:

Post a Comment