ရွှေ့ပြောင်း ဒုက္ခသည်ပေါင်း ၁၁,ဝဝဝ နီးပါးကို အီတလီ ကမ်းခြေစောင့်တပ် ကယ် ရောမ၊ အောက်တိုဘာ ၆ အင်္ဂါနေ့က လစ်ဗျားကမ်းလွန်တွင် ရွှေ့ပြောင်း ဒုက္ခသည် ၄၆၅ဝ ကျော်ကို ကယ်ဆယ်ခဲ့ပြီး အလောင်း ၂၈ လောင်းကို တွေ့ရှိခဲ့ကြောင်းနှင့် လွန်ခဲ့သော ၄၈ နာရီအတွင်း ကယ်ဆယ်ခဲ့သူ အရေအတွက် ၁၁,ဝဝဝ နီးပါး ရှိကြောင်း အီတလီ ကမ်းခြေစောင့် တပ်ဖွဲ့က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်ဟု Reuters သတင်းတွင် ဖော်ပြ ထားသည်။ အလွန်အကျွံ တင်ဆောင်လာသော ငါးဖမ်းစက်လှေ တစ်စင်းပေါ်တွင် လူပေါင်း ၂ဝ ကျော်ခန့် အသက်ရှူ ကျပ်၍ သေဆုံးခဲ့ရသည်ဟု သိရှိရပြီး တနင်္လာနှင့်အင်္ဂါ နှစ်ရက်အတွင်း သေဆုံးသူ ၅ဝ ခန့်ရှိခဲ့သည် ဟုဆိုသည်။ တနင်္လာနေ့က ကယ်ဆယ်ခဲ့သော အမျိုးသမီး သုံးဦးမှာ စစ္စလီကျွန်းသို့ ဒုက္ခသည် ၁ဝဝဝ ခန့် ပို့ဆောင်သော ကန်းခြေစောင့် သင်္ဘောပေါ်တွင် မီးဖွားခဲ့ရာ မိခင်ရော ကလေးများပါ ကျန်းမာရေး အခြေအနေ ကောင်းသည်ဟု ဆိုသည်။ အဆိုပါ ဒုက္ခသည်များကို လူ ၁ဝဝဝ ကျော် တင်ဆောင်လာသော သစ်သားလှေ တစ်စင်းနှင့် ရော်ဘာလှေ ၂၇ စင်း အပါအဝင် စုစုပေါင်း လှေ ၃၃ စင်းပေါ်မှ ကယ်ဆယ်ခဲ့ရခြင်း ဖြစ်ပြီး ဗုဒ္ဓဟူးနေ့တွင် ကယ်ဆယ်မှုများ ဆက်လုပ်နေသော်လည်း ယခင် နှစ်ရက်လောက် အရေအတွက်မများတော့ ဟု ကမ်းခြေစောင့်တပ်က ပြောကြားသည်။ လစ်ဗျားသည် အီတလီ လမ်ပီဒူဆာ ကျွန်းနှင့် မိုင် ၁၈ဝ ခန့်သာ ကွာဝေးသောကြောင့် ဥရောပသို့ ဝင်ရာလမ်းခရီးတွင် အဓိက စခန်းထောက်အဖြစ် လူကုန်ကူးသူများက အသုံးချလျက် ရှိသည်။ ယခုရက်ပိုင်း စုပြုံ ရောက်ရှိလာမှုသည် ပင်လယ်ပြင် ရာသီဥတု ကောင်းမွန်နေသောကြောင့် ဖြစ်သည်ဟု ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ ယခုရက်ပိုင်း ဝင်ရောက်လာမှု အပါအဝင် ယခုနှစ်အတွင်း အီတလီသို့ ရောက်ရှိလာသော ဒုက္ခသည် အရေအတွက် ၁၄၂,ဝဝဝ ခန့်ရှိပြီး လမ်းခရီးတွင် သေဆုံးသူ ၃၁ဝဝ ခန့် ရှိခဲ့သည်။ ၂ဝ၁၅ ခုနှစ်အတွင်း အီတလီသို့ ဒုက္ခသည် ၁၅၄,ဝဝဝ ခန့် ဝင် ရောက်လာခဲ့ပြီး သေဆုံးသူ ၂၈၉၂ ဦး ရှိခဲ့သည်။ ဒုက္ခသည် အများစုမှာ အာဖရိကတိုက်ရှိ နိုင်ဂျီးရီးယား၊ အီရီထရီးယား၊ ဂီနီ၊ ဂမ်ဘီယာ၊ ဆူဒန်၊ အိုင်ဗရီကို့စ်နှင့် ဆိုမာလီယာ နိုင်ငံများမှ ဖြစ်ကြသည်။ ရွှေ့ပြောင်း အခြေချသူများသည် အီးယူဇုန်အတွင်း ဝင်ရာတွင် ပထမဆုံး ရောက်ရှိသော နိုင်ငံတွင် နေထိုင်ရမည်ဟု အီးယူ ဥပဒေအရ သတ်မှတ်ထားရာ အီတလီသည် အရေအတွက် ကြီးထွားလာသော ဒုက္ခသည်များကို ကိုင်တွယ်ရန် ခက်ခက်ခဲခဲ ရုန်းကန်နေရသည်။ ရွှေ့ပြောင်း ဒုက္ခသည် ပြဿနာ ကြီးထွားလာမှုကြောင့် အီးယူဇုန် ရှေ့တန်းစည်း နိုင်ငံများအပေါ် ဖိအား ကျရောက်မှု သက်သာစေရန်အတွက် အခြား အီးယူ အဖွဲ့ဝင်နိုင်ငံများတွင် ၂ နှစ်အတွင်း ဒုက္ခသည် ၄ဝ,ဝဝဝ ခွဲဝေလက်ခံရန် ဥရောပ ကော်မရှင်က စီစဉ်ထားသော်လည်း အများစုက လက်ခံရန် မလိုလားမှုကြောင့် ရာဂဏန်း အနည်းငယ်မျှသာ လွှဲပြောင်းပေးရသေးသည်။
Source : https://goo.gl/TeQQ9P
via IFTTT
No comments:
Post a Comment