ကင်းစခန်းမှ တိုက်ခိုက်ယူသွားသော လက်နက်အချို့ ဘင်္ဂါလီရွာ၌ ပြန်တွေ့ ရန်ကုန်၊ အောက်တိုဘာ ၁ဝ ရခိုင်ပြည်နယ် မောင်တောဒေသရှိ ဘင်္ဂါလီကျေးရွာ များတွင် နေထိုင်သော သူများကို လက်ရှိ ဖြစ်ပေါ်နေသော အကြမ်းဖက် အဖွဲ့အစည်းတွင် ပါဝင်ခြင်း ရှိ-မရှိ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးက ပြောကြားသည်။ နယ်ခြားစောင့် ကွပ်ကဲမှုအဖွဲ့ ဌာနချုပ်နှင့် နယ်ခြားစောင့် စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့သူ အကြမ်းဖက်သမားများကို တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဟတ်ယာဉ် အသုံးပြုကာ အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့ရှင်းလင်းလျက် ရှိပြီး ပြည်နယ်အတွင်း စစ်အင်အားတိုးချဲ့ခြင်း၊ ရဲဝန်ထမ်းတိုးချဲ့ခြင်းနှင့် တပ်မတော် ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် လုံခြုံရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်အဖွဲ့များနှင့် ပါဝင်ပတ်သက်သူများကို စုံစမ်းဖော်ထုတ်သွားမည် ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။ “ဘင်္ဂါလီရွာတွေမှာ နေထိုင်တဲ့ သူတွေကို စစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်။ အကြမ်းဖက်တဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိ-မရှိ စတာတွေကို လေ့လာစစ်ဆေးဖို့ ဖြစ်တယ်” ဟု ပြည်နယ်အစိုးရ အဖွဲ့က ဆိုသည်။ မောင်တော်ဒေသရှိ ဘင်္ဂါလီ ကျေးရွာများ ဖြစ်သော မြို့သူကြီး၊ ပြင်ဖြူ၊ ဝပိတ်၊ ကင်းချောင်း၊ အီတလယာ စသည့် ကျေးရွာများသို့ အကြမ်းဖက်အဖွဲ့များနှင့် ဆက်စပ်သူများအား ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ရာတွင် ပါဝင်ပတ်သက်သူ အချို့ကို ထိန်းသိမ်းထားကြောင်း ပြည်နယ်အစိုးရအဖွဲ့က ဆိုသည်။ “နယ်မြေရှင်းလင်းရေးတွေကို ဆောင်ရွက်နေတယ်၊ ဘင်္ဂါလီ ကျေးရွာတွေမှာ စစ်ဆေးနေတယ်။ သူတို့ဘက်ကလည်း စစ်ဆေးခြင်း မခံဘူး။ ပြန်လည်တိုက်ခိုက်မှုတွေ ရှိနေတယ်” ဟု မောင်တောမြို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောကြားသည်။ အလားတူ ဘင်္ဂါလီများ နေထိုင်သော ပြင်ဖြူကျေးရွာ၌ နယ်ခြားစောင့်စခန်းမှ ဝင်ရောက် တိုက်ခိုက်ယူဆောင်သွားသော သေနတ်ခြောက်လက်၊ အကြမ်းဖက် အလောင်းအချို့ တွေ့ရှိခဲ့ပြီး မြို့သူကြီး ရပ်ကွက်၌ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ကြောင်း အလောင်းအချို့ကို မြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ပြည်နယ်ရဲစခန်မှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။ အောက်တိုဘာလ ၉ ရက်နေ့ နံနက်၌ မောင်တောမြို့ရှိ အမှတ် (၁) နယ်ခြားစောင့် ကွပ်ကဲမှုအဖွဲ့ရုံး ဌာနချုပ် (ကျီးကန်းပြင်ဌာနချုပ်)နှင့် ကိုးတန်ကောက်၊ င/ခူရနယ်မြေမှ ရဲစခန်းများကို အကြမ်းဖက်အဖွဲ့မှ တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်ကိုးဦး ကျဆုံးခဲ့ပြီး တစ်ဦး ပျောက်ဆုံးခဲ့ကာ ၁ဝ ရက်နေ့၌ ၎င်းကို ပြန်လည် ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ အကြမ်းဖက်မှု ဖြစ်ပွားခဲ့သော မြေပြင် အခြေအနေများကို စုံစမ်းစစ်ဆေးရန် ကာကွယ်ရေး ဝန်ကြီးဌာန အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုး၊ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ ဒုတိယရဲချုပ် အောင်ဝင်းဦးတို့သည် ရခိုင်ပြည်နယ် စစ်တွေမြို့မှ တစ်ဆင့် မောင်တောမြို့တို့ သွားရောက်မည် ဖြစ်သည်။ အလားတူ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အတွက် ပြည်ထောင်စုဝန်ကြီးများ ဖြစ်သော ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်၊ ဗိုလ်ချုပ်မြင့်နွယ်၊ ဗိုလ်ချုပ်အောင်စိုး စသည့် အစိုးရအဖွဲ့ဝင်များသည် အောက်တိုဘာလ ၁၁ ရက်နေ့မှ စတင်ပြီး ၁၅ ရက်နေ့အထိ ပြည်သူများနှင့် တွေ့ဆုံပြီး ဖြစ်စဉ်များအပေါ် ပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
Source : https://goo.gl/VjYd0r
via IFTTT
No comments:
Post a Comment