မဟာသန္တိသုခကျောင်းတိုက်ကို ပြန်လည်လွှဲပြောင်း ပေးအပ်ရန် မရှိဟုဆို နေပြည်တော်၊ အောက်တိုဘာ ၈ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နှင့် ပီနန်ဆရာတော်တို့အကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် မဟာသန္တိသုခကျောင်းတိုက်ကို မည်သည့် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၊ အဖွဲ့အစည်းတစ်ခုကိုမှ ပြန်လည်လွှဲပြောင်း ပေးအပ်ရန် မရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဇာနည်အောင်က ပြောကြားခဲ့သည်။ အောက်တိုဘာလ ၈ ရက်နေ့တွင် သာသနာရေး ဝန်ကြီးဌာနက ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် အငြင်းပွားနေသော မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးမှာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ စီမံခန့်ခွဲပိုင်ခွင့်တွင် တိုက်ရိုက်ရှိနေပြီး ယင်းကျောင်းတော်ကြီးတွင် ခွင့်ပြုချက်မဲ့ သီတင်းသုံးနေသည့် သံဃာများကို ကျောင်းတော်မှ ထွက်ခွာပေးရန် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ အဆိုပါ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျောင်းတိုက်ကို ၂ဝ၁၄ ခုနှစ် ဇွန်လ ၁ဝ ရက် သန်းခေါင်ယံအချိန်က ရဲတပ်ဖွဲ့ အပါအဝင် သာသနာရေး ဝန်ကြီးဌာနနှင့် တိုင်းအစိုးရအဖွဲ့၊ သံဃာ့မဟာနာယက အဖွဲ့ဝင်များက ဝင်ရောက် စီးနင်းခဲ့ပြီး ကျောင်းတိုက်မှ ထွက်ခွာပေးရန် ညွှန်ကြားချက်ကို မလိုက်နာသည့် သံဃာများကို ပင့်ဆောင်ဆိုဆုံးမခြင်း၊ စိစစ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းနောက် လန်ဒန်ဆရာတော် အပါအဝင် သံဃာ ၅ ပါးကို တာမွေမြို့နယ် တရားရုံးတွင် ပြစ်မူဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅ (က)၊ သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေအမှတ် ၂ဝ/၉ဝ တို့ဖြင့် တရားစွဲဆိုခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ “ဒီကျောင်းတော်ကြီးက ဗုဒ္ဓသာသနာတော်မြတ်ကို ရည်စူးပြီး နိုင်ငံတော် သံဃာ့နာယကအဖွဲ့ထံ ရေစက်ချ လှူဒါန်းထားပြီး ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။ ပထမအဆင့် အနေဖြင့် တရားစွဲဆိုခံထားရသေ ာလန်ဒန်ဆရာတော် အပါအဝင် သံဃာငါးပါးမှ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲထံ ဝန်ချတောင်းပန် ဆောင်ရွက်ခြင်းဖြင့် လက်ရှိဖြစ်ပွားလျက် ရှိသည် အမှုကို ကျေအေးရုပ်သိမ်းနိုင်မည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီဌာနမှ တာဝန်ရှိသူများက တညီတညွှတ်တည်း ပြောကြားသည်။ “မိမိအမှားကို တောင်းပန်ဖို့ ဘယ်သူမဆို ဝန်လေးမှာ မဟုတ်ပါဘူး၊ အခုဟာက ဆရာတော်တွေဘက်က မမှားဘဲ မှားပါတယ် တောင်းပန်ရမှာတော့ မဖြစ်နိုင်ဘူး၊ ဥပဒေအတိုင်း ဆက်လက် ရင်ဆိုင်သွားမယ်၊ ပြီးတော့ ကျောင်းတိုက်ပိုင်ဆိုင်မှု ကိစ္စက ပီနန်ဆရာတော်ကြီးနဲ့ မဟနအဖွဲ့ နှစ်ဖက် အငြင်းပွားနေတာပါ၊ ဖမ်းဆီးတရားစွဲဆို ခံရတဲ့ လန်ဒန်ဆရာတော် အပါအဝင် သံဃာငါးပါးက ဒီကျောင်းတိုက်မှာ အာဂန္တု သီတင်းလာသုံးတဲ့ ပုဂ္ဂိုလ်တွေ၊ ဘာမှမဆိုင်ဘဲ ဖမ်းဆီးတရားစွဲဆိုတာ ခံရတာ” ဟု လန်ဒန်ဆရာတော်၏ အကျိုးတော်ဆောင်ရှေ့နေ ဦးသိန်းဝင်းက ပြောကြားသည်။ ၁၉၉၆ ခုနှစ်တွင် ယင်းကျောင်းတိုက်ကို ပီနန်ဆရာတော်မှ ဦးဆောင်၍ ခုနှစ်ရက် သားသမီးများ လှူဒါန်းငွေဖြင့် ငွေကျပ် သိန်းတစ်သောင်းကျော် အကုန်အကျခံပြီး သုံးနှစ်ကြာ တည်ဆောက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ “၂ဝဝ၂ ခုနှစ်မှာ ပီနန်ဆရာတော်က ပြည်ပသာသနာပြု ခရီးစဉ် ၁ဝ နှစ်ကြာ ထွက်ခွာရမှာ ဖြစ်တာကြောင့် ဗိုလ်ချုပ်ကြီးခင်ညွန့်ထံ ကျောင်းတိုက်ကို ထိန်းသိမ်းပေးဖို့ အပ်နှံခဲ့တယ်၊ သူက ကျောင်းတိုက်ကို ထိန်းသိမ်းပေးဖို့ မဟနအဖွဲ့ထံ ယာယီထပ်လွှဲခဲ့တယ်၊ နောက်ပိုင်းမှာ မဟနကကျောင်းတိုက်ကို အပိုင်စီးလိုက်တာ” ဟု ၎င်းက ရှင်းပြသည်။ အဆိုပါ ကျောင်းတိုက်တွင် မင်္ဂလာခန်းမများ၊ အကသင်တန်းများနှင့် ရုပ်ရှင် Studio များ ဖွင့်လှစ်လုပ်ကိုင်နေကြောင်း သတင်းရရှိမှုကြောင့် ၂ဝဝ၂ ခုနှစ်က ပီနန်ဆရာတော်က ပြည်ပမှ ပြန်လည်ကြွချီလာပြီး ကျောင်းတိုက်ကို ယာယီ ထိန်းသိမ်းစောင့်ရှောက်နေသည့် မဟနအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ယင်းသို့ ဆွေးနွေးခဲ့သော်လည်း ကျောင်းတိုက်ကို နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့၏ စီမံခန့်ခွဲပိုင်ခွင့်တွင် တိုက်ရိုက်လွှဲပြောင်းပြီး ဖြစ်ကြောင်း ပြောကြားခဲ့သောကြောင့် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ နှစ်ဘက်အငြင်းပွားခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသိန်းဝင်းက ပြောကြားသည်။ “ဂရမ်မှာ မဟနအမည် မရှိဘူး၊ စင်ကာပူကျောင်းတိုက် ပီနန်ဆရာတော်ရဲ့ အမည်ပဲ ရှိတယ်လို့ မူရင်းဂရမ် ပိုင်ဆိုင်ထားတဲ့ ပီနန်ဆရာတော်ကြီးက မိန့်ကြားထားတယ်၊ ဒါပေမဲ့ မဟနအဖွဲ့က ကျောင်းကို ပြန်လည်လွှဲပြောင်းမပေးဘဲ ကျောင်းတိုက်မှာရှိတဲ့ သံဃာတော်တွေကို ဖယ်ရှားပေးဖို့ အကြိမ်ကြိမ် စာထုတ်လာခဲ့တယ်” ဟု ၎င်းက ဆိုသည်။ ပြည်တွင်းပြည်ပ သာသနာပြု အကျော်အမော် ပုဂ္ဂိုလ်များ မွေးထုတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့သည့် ယင်းကျောင်းတိုက်မှ ယာယီသတင်းသုံးနေသော သံဃာတော်များကို ပီနန်ဆရာတော်ကြီး ဂျပန်နိုင်ငံသို့ ပြည်ပခရီးစဉ် ကြွချီနေချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သာသနာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မဟနအဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့တို့က ပူးပေါင်း၍ ကျောင်းတိုက်အတွင်း ဝင်ရောက်စီးနင်းပြီး ကျောင်းတိုက်ကို ချိတ်ပိတ်၍ သံဃာငါးပါးကို ဖမ်းဆီးတရားစွဲဆိုခဲ့ကြောင်း လန်ဒန်ဆရာတော်ထံမှ သိရှိရသည်။
Source : https://goo.gl/brcUHf
via IFTTT
No comments:
Post a Comment