Sunday, October 9, 2016

DVB TV News

မောင်တောမြို့နယ်၊ ကျီးကန်းပြင်၊ အမှတ်(၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့ (ဌာနချုပ်) မှာ ပစ်ခတ်မှုတွေ အောက်တိုဘာ ၉ ရက် မနက် ၃ နာရီလောက်ကစပြီး တစ်နာရီကျော်ဖြစ်ခဲ့ပါတယ်။ ကျီးကန်းပြင်ရွာက ကိုကျော်စိုးမိုးကတော့ “ပစ်သံတွေကြားနေရတာ တစ်နာရီကျော်ပြီ၊ ဘယ်သူနဲ့ဖြစ်တာလဲတော့မသိဘူး။ ရွာမှာတော့ အထိတ်တလန့်ပဲ”လို့ ဒီဗွီဘီ ကို ပြောပါတယ်။ “အောင်ဇေယျရွာထဲကိုတော့ ကျည်ဆန်တွေ ကျလာနေလို့ ရွာသားတွေ စိတ်ချရမယ့် အကာအကွယ်ယူပြီး ပုန်းနေကြရတယ်လို့ သိရပါတယ်။ မောင်တောမြို့ပေါ်မှာ လုံခြုံရေးအဖွဲ့တွေ ကင်းလှည့်နေပြီး မနက်လေးနာရီမှာ မြို့က မီးစက်ကြီးကိုနှိုးပြီး တစ်မြို့လုံးကို လျှပ်စစ်မီးပေးထားပါတယ်”လို့ မောင်တောမြို့ အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက ပြောပါတယ်။ ကျီးကန်းပြင်၊ ကိုးတန်ကောက်နဲ့ ငခူရ သုံးနေရာ တချိန်တည်းဝင်စီးခံရပြီး လက်နက် အလက် ၅ဝ ခန့် ပျောက်ဆုံးနေပါတယ်။ ကျီးကန်းပြင်ကရဲ တပ်ကြပ်ကြီး ၁ ဦးကျဆုံးခဲ့ပြီး ၂ ဦးဒါဏ်ရာရပါတယ်။ ကိုးတန်ကောက်ရဲစခန်းက ရဲ ၂ ဦး ဒဏ်ရာရခဲ့ပြီး ၁ ဦး ပျောက်ဆုံးနေတယ်လို့သိရှိရပါတယ်။ ကျီးကန်းပြင်ကို ကူညီဖို့လာတဲ့ နယ်ခြားစောင့်ရဲနဲ့ တပ်မတော်သားတွေပါတဲ့ ကားတစ်စီး ကျီးကန်းပြင်လမ်းမှာ မိုင်းထိခဲ့ပြီး ထိခိုက်တာ မရှိဘူးလို့လည်း သိရပါတယ်။ လာရောက်တိုက််ခိုက်တဲ့ အဖွဲ့တွေဟာ RSO အကြမ်းဖက်အဖွဲ့တွေဖြစ်နိုင်တယ်လို့ ဆိုပေမယ့် အတည်ပြုဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။ သတင်း – ကိုအောင်
Source : http://ift.tt/2dOeDW7
via IFTTT

No comments:

Post a Comment