Tuesday, October 11, 2016


ရခိုင်ပြည်နယ် လုံခြုံရေးကို တာဝန်မယူနိုင်လျှင် ပြည်ထောင်စုအစိုးရ (သို့မဟုတ်) တပ်မတော်ထံ လွှဲပေးရန် ဆရာတော်ကြီးများက မိန့်ကြား စစ်တွေ၊ အောက်တိုဘာ ၁၀ ရခိုင်ပြည်နယ်အစိုးရ အနေနှင့် ရခိုင်ပြည်သူတို့၏ လုံခြုံရေးကို တာဝန်မယူနိုင်လျှင် ပြည်ထောင်စုအစိုးရ (သို့မဟုတ်) တပ်မတော်ထံ လွှဲပေးရန် ရခိုင်ပြည်နယ် သြဝါဒစရိယ ဆရာတော်ကြီးများက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို မိန့်ကြားလိုက်သည်။ စစ်တွေမြို့ မဏိရတနာကျောင်းတိုက်တွင် အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့က မောင်တောဒေသတွင် ဖြစ်ပွားမှုများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်ရှိ နိုင်ငံတော် အကြည်ညိုခံ သြဝါဒစရိယ ဆရာတော်ကြီးများထံ လျှောက်ထားတင်ပြခဲ့ရာ ဆရာတော်ကြီးများက အထက်ပါအတိုင်း မိန့်ကြားလိုက်ခြင်း ဖြစ်သည်။ “ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အနေနဲ့ ရခိုင်ပြည်သူတွေရဲ့ အသက်တွေ၊ လုံခြုံရေးတွေကို ကာကွယ်ပေးဖို့ အရေးကြီးတယ်၊ တကယ်လို့ ရခိုင်ပြည်နယ်အစိုးရ အနေနဲ့ ရခိုင်ပြည်သူတွေရဲ့ လုံခြံုရေးကို မဆောင်ရွက်နိုင်ဘူးဆိုရင် ပြည်ထောင်စုအစိုးရ ဒါမှမဟုတ် တပ်မတော်ကို အာဏာလွှဲပေးလိုက်တာ ပိုကောင်းတယ်” ဟု မဏိရတနာ ဆရာတော်ဘုရားကြီးက မိန့်ကြားသည်။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ယခုဖြစ်ပွားခဲ့သည့် ဖြစ်ရပ်သည် နိုင်ငံတော်လုံခြုံရေးကို ထိပါးသည့် ဖြစ်ရပ်တစ်ခု ဖြစ်ကြောင်းနှင့် ရခိုင်ပြည်သူတို့အတွက် မိမိတို့ အစိုးရက အပြည့်အဝ လုံခြံုအောင် ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်း ပြန်လည်လျှောက်ထားခဲ့သည်။ မောင်တောမြို့နယ်ရှိ အမှတ် (၁) နယ်ခြားစောင့် ကွပ်ကဲမှုအဖွဲ့ရုံး ဌာနချုပ်နှင့် လက်အောက်ခံ စခန်းများ တိုက်ခိုက်ခံရပြီးနောက် မောင်တောမြို့နယ် အတွင်းရှိ စာသင်ကျောင်းများ ယာယီပိတ်ထားပြီး နယ်စပ်ဒေသ ကျေးရွာများတွင် တာဝန်ထမ်းဆောင်နေသော ဆရာမများကို မြို့ပေါ်သို့ ပြန်လည်ခေါ်ဆောင်ထားကြောင်း၊ အချို့ဝန်ထမ်းများမှာ မိမိတို့မြို့များသို့ ပြန်ရန် ပြင်ဆင်နေကြကြောင်း၊ မောင်တောမြို့ သက်ဆိုင်ရာ ဝန်ထမ်းများကို လုံခြုံသော နေရာများသို့ ပြောင်းရွှေ့လျက်ရှိကြောင်း မောင်တောမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများထံမှ သိရသည်။ “ရွာတွေမှာ တာဝန်ကျနေတဲ့ ဆရာမတွေကို မြို့ကို ခေါ်ထားပါတယ်၊ ဆရာမ အများစုကတော့ သင်တန်းရှိလို့ မြို့မှာ ရောက်နေကြတယ်၊ အားလုံးကတော့ စိတ်ပူနေကြတယ်” ဟု မောင်တောမြို့တွင် တာဝန်ကျနေသော ကျောက်ဖြူမြို့မှ ကျန်းမာရေးဝန်ထမ်း ဒေါ်စမ်းစမ်းထွေးက ဆိုသည်။ လတ်တလော အခြေအနေများကြောင့် မောင်တော-ဘူးသီးတောင် လိုင်းကားများလည်း ရပ်နားထားသည့်အတွက် စီးလုံးငှားယာဉ်များဖြင့် ဘူးသီးတောင်သို့ သွားရောက်နေကြကြောင်း မောင်တော အလယ်သံကျော်ကျေးရွာမှ အငှားယာဉ်မောင်း ကိုသိန်းဆွေထွန်းက ပြောကြားသည်။ အလယ်သံကျော်နှင့် ကျေးရွာအချို့မှ အမျိုးသမီး အများစုမှာ မြို့ပေါ်သို့ ပြောင်းရွှေ့သွားကြပြီး၊ ကျန်းမာရေး၊ ပညာရေး ဝန်ထမ်းများမှာ အငှားကားများဖြင့် ဘူးသီးတောင်မှတစ်ဆင့် စစ်တွေသို့ ပြန်ရန် ပြင်ဆင်နေကြကြောင်း အလယ်သံကျော် ကျေးရွာမှ ကျန်းမာရေး ဝန်ထမ်းတစ်ဦး ဖြစ်သူ ဒေါ်ဝါဝါက ဆိုသည်။ မောင်တောမြို့နယ်တွင် စာသင်ကျောင်း ၁၈၃ ကျောင်း၊ ဘူးသီးတောင်မြို့တွင် စာသင်ကျောင်း ၂၁၉ ကျောင်း ယာယီပိတ်ထားပြီး ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
Source : https://goo.gl/8Snlk6
via IFTTT

No comments:

Post a Comment