မောင်တောနယ်စပ်တွင် ပစ်ခတ်မှုများဆက်ဖြစ်၊ ဆရာများနှင့် ဒေသခံများ ပိတ်မိနေ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲမှာ ဒီနေ့ညနေအထိ ပစ်ခတ်မှုတွေဆက်လက် ဖြစ်ပွားနေပြီး ကျေးရွာတချို့မှာ ဆရာဆရာမတွေအပြင် ရွာသားတချို့ ပိတ်မိနေတယ်လို့ ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရသူ ဦးတင်မောင်ဆွေက ပြောပါတယ်။ မောင်တောမြို့နယ်တွင်း နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဦးတင်မောင်ဆွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ အခု ရခိုင်ပြည်နယ် မောင်တောဘက်မှာ ဆရာ၊ ဆရာမ ၇၀ လောက် ပိတ်မိနေတယ်ဆိုတဲ့ သတင်းတက်လာလို့ အဲဒီအခြေအနေလေး သိချင်လို့ပါရှင်။ “အများကြီးတော့ မဟုတ်ပါဘူး။ လမ်းတွေကပိတ်ထားလို့ သွားလို့လာလို့မရတဲ့ အခြေအနေတော့ ရှိပါတယ်။ အဲဒါလည်း ကျနော်တို့ တပ်တွေရောက်နေပါပြီဗျာ၊ ဆောင်ရွက်ပေးနေပါပြီ။” အခုသူတို့က ပိတ်မိနေတယ်ဆိုတာ ဘယ်လို ဘယ်နေရာမှာ သွားပိတ်မိနေတာလဲ။ “ဆက်သွယ်ရေးလမ်းကြောင်းတွေ ကျနော်တို့ အခုပိတ်ထားတယ်။ ပိတ်ထားတော့ ဆရာမတွေ မကဘူးလေ။ အားလုံးပဲ သွားဖို့လာဖို့က အခက်အခဲဖြစ်နေပါတယ်။” အခုလောလောဆယ် မောင်တောရဲ့ ဘယ်နေရာတွေမှာ ဖြစ်နေတာလဲ။ သိရသလောက် ပြောပြပေးပါလား။ “အဲဒါအသေးစိတ်တော့ ကျနော်မသိဘူးဗျာ။ အကုန်လုံးပါပဲ။ အဲဒီမှာရှိတဲ့သူတွေ ဆရာမတွေ မကပါဘူး။ ကျန်တဲ့ရွာသားတွေရောပဲ။” အခုပိတ်မိနေတဲ့သူတွေက ဘင်္ဂါလီရွာကြားထဲမှာဖြစ်တယ်လို့ ပြောတယ်။ သူတို့အတွက် အန္တရာယ်ဖြစ်နိုင်လား ဘယ်လိုပြောလို့ရလဲ။ “ကျနော်တို့ အဲဒီမှာ လုံခြုံရေးအဖွဲ့တွေ ရောက်နေပြီဗျာ။ ရဲတွေရော၊ တပ်တွေရော ရောက်နေပြီ။” ဒီနေ့ မောင်တောဒေသရဲ့ နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး ဘာပြောချင်လဲရှင်။ “ကျနော်တို့ ဒီမှာ ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီး ဦးဆောင်တဲ့ ပြည်ထောင်စုဝန်ကြီးတွေ ကျနော်တို့ ရခိုင်ပြည်နယ်ကို ရောက်ပြီးတော့ စစ်တွေမှာ လူထုတွေနဲ့ တွေ့ဆုံပါတယ်။ ဆရာတော် သံဃာတော်တွေနဲ့လည်း တွေ့ဆုံပါတယ်။ နောက် မောင်တောမှာလည်း ပြည်သူလူထုနဲ့ တွေ့ဆုံပြီးတော့ လိုအပ်တာတွေကို ပေါင်းစပ်ညှိနှိုင်းပေးမှာပါ။ ဒီဟာနဲ့ပတ်သက်လို့လည်း တပ်မတော်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေပါတယ်။ စစ်တိုင်းမှူး ကိုယ်တိုင် မောင်တောမှာထိုင်ပြီးတော့ တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။ အခု ဖေ့စ်ဘွတ်ခ်တွေမှာ သတင်းတွေဖြန့်နေတာတွေ့နေတယ်။ ဘင်္ဂါလီရွာသားတွေကို တွေ့ရင် တခါတည်း ပစ်သတ်တဲ့ ပုံတွေဆိုပြီး အဲဒါနဲ့ပတ်သက်ပြီးတော့ ဘာပြောချင်လဲ။ “မဟုတ်ဘူးဗျာ။ ဒီဥစ္စာကတော့ သေနတ် ၅၇ လက် ပါသွားတယ်။ ၅၁ လက်ကတော့ မရသေးဘူး။ ဒီဥစ္စာတွေကို ကျနော်တို့က ပြန်ပြီးတော့ လိုက်နေပါတယ်။ တပ်မတော်စစ်ကြောင်းတွေနဲ့ လိုက်နေပါတယ်။ လိုက်တော့ အခုနလို သူတို့တွေ လက်နက်တွေကို ၀ှက်ထားပြီးတော့ စစ်တပ်ကို ဓားတွေ ဘာတွေနဲ့ ပြန်လည်ခုခံတဲ့ ဥစ္စာလည်း ရှိပါတယ်။ အဲဒီအချိန်မှာ ပစ်ခတ်မှုဖြစ်ရင်းနဲ့ ဒါ သေသွားတာ ဖြစ်ပါတယ်။” ခုရောပစ်ခတ်မှုတွေဖြစ်နေတုန်းပဲလား ဒီနေ့က ဘယ်အချိန်လောက်မှာဖြစ်တယ်လို့ ပြောရမလဲ။ “ပစ်ခတ်မှုတွေတော့ ဖြစ်နေပါတယ်။ တောက်လျှောက်တော့ ဖြစ်နေပါတယ်။ မနေ့က လည်းဖြစ်ပါတယ်။ အခုလည်းဖြစ်နေပါတယ်။ ဒီနေ့ဆိုရင် မြန်မာစံတော်ချိန် ၃ နာရီခွဲလောက်မှာ ဖြစ်နေပါသေးတယ်။ စာရင်းတွေကျတော့ မရသေးပါဘူး။ ရလို့ရှိရင်တော့ ပြောပေးပါမယ်။” ဟုတ်ကဲ့ပါရှင် အခုလိုဖြေကြားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
Source : http://ift.tt/2e60PUC
via IFTTT
No comments:
Post a Comment