စစ်ပွဲခုတုံးလုပ်ပြီး သယံဇာတများ ပြည်ပ ခိုးထုတ်နေဟု ၀န်ကြီးပြော ကချင်ပြည်နယ်အတွင်း စစ်ပွဲတွေဖြစ်နေတာကို ခုတုံးလုပ်ပြီး ကျောက်တွေကို ပြည်ပ ခိုးထုတ်နေသလို တရားမ၀င် ရွှေတူးတာ၊ သစ်ခိုးထုတ်တာတွေ ရှိတယ််လို့ ကချင်ပြည်နယ် သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး ဝန်ကြီးက ပြောပါတယ်။ အောက်တိုဘာ ၁၂ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ နေပြည်တော်မှာ သတ္တုနဲ့ ကျောက်မျက်ကဏ္ဍ ရေရှည်စနစ်တကျထိန်းသိမ်းဖို့ Stakeholder များ ပူးပေါင်း အလုပ်ရုံဆွေးနွေးပွဲကို သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာ၀န်ယူမှု၊ တာ၀န်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ (MATA) တို့ပူးပေါင်းပြီး ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက သက်ဆိုင်ရာ၀န်ကြီးတွေ၊ သတ္တုနဲ့ ကျောက်မျက် လုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ပါတယ်။ ကချင်ပြည်နယ် သယံဇာတနှင့်သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီး ဦးHလအောင်က အခုလို ပြောပါတယ်။ “ပြည်နယ်မှာ ပြည်တွင်းစစ်ကလည်း နည်းနည်း ဖြစ်နေတဲ့ ကာလလည်း ဖြစ်နေတယ်။ အဲဒါကို ခုတုံးလုပ်ပြီး တချို့ ကျောက်ကုန်သည်တွေဟာ ပြည်ပကို ထုတ်ချင်တာရှိတယ်။ ပြီးခဲ့တဲ့အပတ်က ဆယ်ဘီးကားတစီး မိတယ်။ အဲလိုပဲ မန်စီဘက်မှာ ဆိုရင် အဲဒါကို အကြောင်းပြုပြီး သစ်တွေ ဘာတွေ ထုတ်တယ်။ တချို့ ရွှေတွေ ဘာတွေ တူးဖော် လုပ်ကိုင်ကြတယ်။ အဲမှာဆို ရွှေလုပ်ကွက်က ၆၀ လောက်ကို ရှိတယ် တရားမ၀င်တာတွေ။ အဲလိုပေါ့လေ တချို့က ဒီပြည်တွင်းစစ်ကို ခုတုံးလုပ်ပြီးမှ အရင်းရှိတဲ့လူတွေက ကုမ္ပဏီကြီး တချို့၊ ကုမ္ပဏီမရှိတဲ့သူလည်း အဲလိုပေါ့လေ။ တရားမ၀င် လုပ်နေတာတွေ ရှိတဲ့အခါကြတော့ ပွင့်လင်းမြင်သာမှုမှာ ဘယ်လို ထိန်းကျောင်းကျမလဲ၊၊ ကျနော်တို့နိုင်ငံရဲ့ ပစ္စည်းတွေဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀၊ ၆၀ တုန်းကလည်း မထိန်းသိမ်းနိုင်ခဲ့လို့ အများကြီးဆုံးရှုံးခဲ့ရပြီးပြီ။ အခုဆက်လက်ပြီး မထိန်းသိမ်းနိုင်ဘူးဆိုရင် မဖြစ်တော့ဘူး။ အဲတော့ ဒါကို ဘယ်လို ထိန်းသိမ်းကြမလဲ။ ပွင့်လင်းမြင်သာမှု ရှိဖို့ပေါ့လေ” လို့ ပြောပါတယ်။ ဒီလို ခိုးထုတ်နေတာဟာ များသောအားဖြင့် ပြည်တွင်းကုမ္ပဏီတွေ ဆိုပေမယ့် ပြည်ပ ကုမ္ပဏီတွေနဲ့ ပူးပေါင်းတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
Source : http://ift.tt/2eyH777
via IFTTT
No comments:
Post a Comment