Saturday, October 15, 2016

Eleven Media Group

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းပိုင်းမှ ကျောက်မဲနှင့် နောင်ချိုကြားရှိ ဂုတ်တွင်းလမ်းပိုင်း ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ပြင်ဆင်မှုများ ပြုလုပ်နေစဥ်အတွင်း ယာဥ်သွားလာမှုအား အချိန်ပိုင်း ပိတ်ထားမည်ဖြစ်ကြောင်း သိရှိရသည်။ မန္တလေး-မူဆယ် လမ်းပိုင်း မိုင်တိုင်အမှတ် ၈၂ မှ မိုင်တိုင် ၈၇ အထိ အောက်တိုဘာ ၁၈ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ပြင်ဆင်သွားမည် ဖြစ်သောကြောင့် ပြင်ဆင်ချိန် ကာလအတွင်း လမ်းပိုင်းဖြတ်သန်း သွားလာမှုအား အချိန်ပိုင်း ကန့်သတ်သွားမည်ဖြစ်ကြောင်း သိရသည်။ “ဂုတ်တွင်းလမ်းပိုင်း မိုင်တိုင်အမှတ် ၈၂ ကနေ ၈၇ အတွင်းမှာရှိတဲ့ လမ်းကွေ့ နေရာတွေကို ပြင်ဆင်သွားမှာပါ။ လမ်းပိုင်းအကွေ့နေရာတွေမှာ လမ်းပိုင်းကျဥ်းပြီး ပျက်စီးမှုတွေ ဖြစ်နေတဲ့အတွက် ကားတွေ သွားလာဖို့ အဆင်ပြေအောင် ပျက်စီးမှု ဖြစ်ပေါ်နေတဲ့ နေရာတွေကို ကားအသွားအလာနည်းတဲ့ နေ့ခင်းပိုင်း ၁၂ နာရီကနေ ညနေ ၃ နာရီအတွင်း ပြင်ဆင်မှုတွေ နေ့စဥ် လုပ်သွားမှာ ဖြစ်တယ်။ အဲဒီ အချိန်တွင်းမှာ ကားလမ်းကို ယာယီပိတ်သွားမှာပါ” ဟု Oriental Highway ကုမ္ပဏီမှ Project Director ဦးတင်ကိုလတ်က ပြောကြားသည်။ လမ်းပိုင်းတွင် ပြင်ဆင်ရမည့် ကွေ့ပေါင်း ၁၄ ကွေ့ရှိပြီး ယင်းနေရာများအား နိုင်လွန်ကတ္တရာ ခင်းခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကာ လမ်းပိုင်းပြင်ဆင်ချိန် ခေတ္တ လမ်းပိတ်ထားမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ အစိုးရအဖွဲ့အား တင်ပြထားကြောင်း သိရသည်။ ဂုတ်တွင်းလမ်းပိုင်းမှာ မကြာခဏ ယာဥ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လေ့ ရှိသည့်အတွက် ယာဥ်ကြောပိတ်ဆို့မှုများ လျော့ကျရန် ယခုကဲ့သို့ ပြင်ဆင်ခြင်းများ ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းပိုင်းချဲ့ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ လမ်းအရှည် ၇၅ မိုင်ခန့် ချဲ့ထွင် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် သစ်သီးပေါ်ချိန် ဖြစ်သောကြောင့် မူဆယ်သို့ တင်ပို့သည့် သစ်သီးကားများနှင့် အခြားကုန်စည်ကား တစ်ရက်လျှင် အစီးရေ ၃ဝဝ ခန့် နေ့စဥ်ဖြတ်သန်းသွားလာလျက် ရှိပြီး လမ်းပိုင်းပိတ်ဆို့မှုများ မရှိစေရန် အတွက် ဂုတ်တွင်း အပေါ်နှင့် အောက်ဘက်တို့တွင် ယာဥ်ထိန်း ရဲတပ်ဖွဲ့ဝင်များမှ ယာဥ်များ အတက်၊ အဆင်းပြုလုပ်မှုကို အလှည့်ကျ စနစ်ဖြင့် သွားလာခွင့်ပြုကြောင်း သိရှိရသည်။ Writer: လဲ့လဲ့အောင်
Source : http://ift.tt/2dQZClZ
via IFTTT

No comments:

Post a Comment