ကုမ္ပဏီ၏ ကွန်ပျူတာလုပ်ငန်းကို Lenovo ထံ ရောင်းချရန် Fujitsu ဆွေးနွေးနေ ကုမ္ပဏီ၏ တစ်ကိုယ်ရေသုံး ကွန်ပျူတာဌာနခွဲကို Lenovo Group ထံသို့ ရောင်းချရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း Fujitsu က အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။ Fujitsu သည် ၂၀၀၀ ပြည့်နှစ် အစောပိုင်းတွင် ကမ္ဘာတစ်ဝန်း ထိပ်တန်း PC ကုမ္ပဏီငါးခုအနက် တစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ ယခုအခါတွင် စမတ်ဖုန်းများနှင့် tablet များကြောင့် ကုမ္ပဏီ၏ဈေးကွက်မှာ တစ်စတစ်စ လျော့နည်းလာခဲ့ပြီး ကုမ္ပဏီမှာလည်း အရှုံးပေါ်ခဲ့သည်။ ဘေကျင်းအခြေစိုက် Lenovo သည် ဒုတိယ သုံးလပတ်တွင် ကမ္ဘာတစ်ဝန်း PC တင်ပို့ရောင်းချမှု ၂၁.၁ ရာခိုင်နှုန်းရှိခဲ့ပြီး ၎င်း၏နောက်တွင် HP က ၂၀.၇ ရာခိုင်နှုန်းဖြင့် ရပ်တည်ခဲ့ကြောင်း၊ Fujitsu မှာ ရှယ်ယာ ၁.၁ ရာခိုင်နှုန်းဖြင့် အဆင့် ၉ နေရာတွင်သာ ရှိကြောင်း IDC မှ ဖော်ပြခဲ့သည်။ Lenovo သည် အခြားဂျပန်ကုမ္ပဏီကြီးဖြစ်သော NEC ၏ PC လုပ်ငန်းကို ၂၀၁၁ ခုနှစ်တွင် ဝယ်ယူခဲ့သလို ၂၀၀၅ ခုနှစ်တွင်လည်း IBM ထံမှ ThinkPad PC လုပ်ငန်းကို လွှဲပြောင်းရယူခဲ့သည်။ အထက်ပါ ဆွေးနွေးမှုများအကြောင်း သိကျွမ်းသူတစ်ဦး၏ အဆိုအရ Lenovo နှင့် Fujitsu သဘောတူညီချက်သည် NFC သဘောတူညီချက်နှင့် တူညီဖွယ်ရှိကြောင်း သိရသည်။ Lenovo သည် ဖေဖော်ဝါရီလက Fujitsu ပင်မဌာနမှ ခွဲထွက်ထားသော Fujitsu PC ဌာနခွဲ၏ ရှယ်ယာအများစုကို ဝယ်ယူမည်ဖြစ်ပြီး ရှယ်ယာအနည်းစုသာပိုင်ဆိုင်သည့် Fujitsu ပင်မဌာနနှင့်အတူ လုပ်ငန်းကို ဦးဆောင်ဖွယ် ရှိကြောင်း ၎င်းကပြောကြားခဲ့သည်။ ဂျပန်မီဒီယာများမှ သတင်းထွက်ပေါ်လာပြီးနောက် ထုတ်ပြန်ခဲ့သောကြေညာချက်တွင် Fujitsu က “ကျွန်တော်တို့အနေနဲ့ PC ဌာနအတွက် အခြားသော ရွေးချယ်စရာနည်းလမ်းတွေကို စဉ်းစားနေပါတယ်။ အဲ့ဒီအထဲမှာ Lenovo နဲ့ သဘောတူညီမှုရဖို့ ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းပါဝင်ပါတယ်” ဟု ပြောကြားခဲ့သည်။ သုံးစွဲသူများက အင်တာနက်အသုံးပြုခြင်းနှင့် ဆက်သွယ်ခြင်းအတွက် စမတ်ဖုန်းများနှင့် tablet များကို ပိုမိုသုံးစွဲလာသည်နှင့်အမျှ ကမ္ဘာ့ PC ဈေးကွက်မှာ လျော့ကျလျက်ရှိသည်။ ကမ္ဘာတစ်ဝန်း PC တင်ပို့ရောင်းချမှုသည် ယခုနှစ်တွင် ၂၅၆ သန်းအထိ လျော့ကျဖွယ်ရှိပြီး လွန်ခဲ့သည့် ငါးနှစ်ကထက် ၃၀ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း IDC မှ ခန့်မှန်းထားသည်။ Ref: WSJ
Source : http://ift.tt/2dRCNRd
via IFTTT
No comments:
Post a Comment