ဆောင်းခိုငှက်များကို ဖမ်းဆီး သတ်ဖြတ်ခြင်း မပြုရန် တားဆီးသင့်ဟုဆို ရန်ကုန်၊ အောက်တိုဘာ ၁၂ ကမ္ဘာ့မြောက်ဘက်ခြမ်းမှ မြန်မာနိုင်ငံသို့ လာမည့် ကာလအတွင်း လာရောက် ဆောင်းခို နေထိုင် ကျက်စားမည့် ဆောင်းခိုငှက်များ မျိုးသုဉ်း ပျောက်ကွယ်ခြင်း မရှိစေရန် ဖမ်းဆီး သတ်ဖြတ် စားသောက်နေမှုကို တားဆီးရန် လိုအပ်ကြောင်း ဇီဝ မျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး ပညာရှင်များက ပြောကြားသည်။ မြန်မာနိုင်ငံတွင် ဌာနေငှက်နှင့် ဆောင်းခိုငှက် နှစ်မျိုးရှိပြီး နောက်ဆုံး မှတ်တမ်းတင်ထားသည့် စာရင်းအရ ငှက်မျိုး စိတ် ၁၁၁၆ မျိုးရှိကာ ဆောင်းခိုငှက်မျိုးစိတ် အများစုသည် အောက်တိုဘာလမှ မတ်လအတွင်း မြန်မာနိုင်ငံ၌ လာရောက် ဆောင်းခိုကျက်စားလေ့ ရှိကြောင်း မြန်မာငှက်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းနာယက ဦးစိုးညွန့်က ပြောကြားသည်။ ယင်းသို့ ဆောင်းခိုငှက်များ လာရောက် ကျက်စားရာတွင် ငှက်မုဆိုးများက ဖမ်းဆီး သတ်ဖြတ်ခြင်း၊ စားသောက်ခြင်းနှင့် ရောင်းဝယ် ဖောက်ကားခြင်းတို့ ရှိနေသည့်အတွက် ရေဘဲ၊ စစ်စလီနှင့် စနိုက်ကဲ့သို့သော ငှက်မျိုးစိတ်များ မျိုးသုဉ်း ပျောက်ကွယ်ခြင်း မရှိစေရန် ကာကွယ် ထိန်းသိမ်းသင့်ပြီး ဖမ်းဆီး သတ်ဖြတ်သူများကို အချိန်မီ တားဆီးရန် လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။ ဆောင်းခိုငှက်များသည် ဆောင်းရာသီ ကာလအတွင်း ကမ္ဘာပေါ်တွင် လမ်းကြောင်းကြီး ခြောက်ခုဖြင့် တစ်နေရာမှ တစ်နေရာသို့ ပျံသန်း ပြောင်းရွှေ့ကြရာ၌ မြန်မာနိုင်ငံသည် လမ်းကြောင်းကြီး နှစ်ခု အောက်တွင် ကျရောက်နေရာ နှစ်စဉ် ဆောင်းခိုငှက်များသည် အင်းတော်ကြီး အိုင်၊ မိုးယွန်းကြီးအင်း၊ အင်းလေးကန်နှင့် မုတ္တမကွေ့ စသည့်ဒေသများတွင် ပုံမှန် လာရောက် ဆောင်းခိုလေ့ ရှိကြောင်း ငှက် သုတေသန ပညာရှင် ဒေါက်တာသီရိဒေဝီအောင်က ပြောကြားသည်။ အင်းလေးကန် အတွင်းသို့ ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်အောက်တိုဘာလမှစ၍ ကမ္ဘာ့မြောက်ခြမ်းမှ ဆောင်းခိုရန် လာရောက်သည့် ငှက်မျိုးစိတ်များတွင် ရေပျော်ငှက် Pacific Golden Plover နှင့် သစ်တောငှက် Eurasian Hobby မျိုးစိတ် နှစ်မျိုးကိုလည်း မှတ်တမ်းသစ်အဖြစ် တွေ့ရှိခဲ့ကြောင်း အင်းလေးကန် တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံး မှတ်တမ်းများအရ သိရသည်။ ထို့ပြင် ကချင်ပြည်နယ်ရှိ အင်းတော်ကြီးအိုင် တွင်လည်း ကမ္ဘာတစ်ဝန်း၌ မျိုးသုဉ်းရန် ခြိမ်းခြောက် ခံနေရသည့် ငှက်မျိုး စိတ်များ အပါအဝင် ငှက်မျိုးစိတ်ပေါင်း ၁ဝဝ ကျော် ကျက်စား နေထိုင်ပြီး နိုဝင်ဘာလမှ မတ်လအတွင်း ဆောင်းခိုငှက်နှင့် ဌာနေ ငှက်ကောင်ရေ နှစ်သောင်းကျော်ကို ပုံမှန် တွေ့ရှိရကြောင်း Fauna & Flora International (FFI) အဖွဲ့ထံမှ သိရသည်။
Source : https://goo.gl/PnyQlO
via IFTTT
No comments:
Post a Comment