Friday, June 23, 2017

7Day News Journal

အာဖဂန်တွင် ကားဗုံးပေါက်ကွဲမှု တစ်ခုကြောင့် လူ ၃၄ ဦးထက်မနည်း သေဆုံး အာဖဂန်နစ္စတန်နိုင်ငံတွင် ကားဗုံးပေါက်ကွဲမှု တစ်ခုအတွင်း လူ ၃၄ ဦးထက်မနည်း သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ဇွန် ၂၂ ရက်က အာဖဂန် တောင်ပိုင်းရှိ ဟယ်လ်မန်ပြည်နယ်မှ ဘဏ်တစ်ခုရှေ့တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး နောက်ထပ် လူ ၅၄ ဦးမျှ ဒဏ်ရာများ ရရှိခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။ ဟယ်လ်မန်သည် တာလီဘန် စစ်သွေးကြွများ လှုပ်ရှားနေသည့် ဒေသတစ်ခုဖြစ်ပြီး အဆိုပါ ဗုံးခွဲ တိုက်ခိုက်မှုမှာ ၎င်းတို့ လက်ချက်ဖြစ်ကြောင်း တာလီဘန်တို့ကလည်း အတည်ပြု သတင်းထုတ်ပြန်ခဲ့သည်။ သေဆုံးသူများတွင် အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင် အချို့လည်း ပါဝင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ဗုံးပေါက်ကွဲချိန်တွင် အီးဒ်ပွဲတော်အတွက် ပြင်ဆင်ရန်အတွက် ဈေးဝယ်နေသူများလည်း စည်ကားနေကြောင်း သိရသည်။ ကားဗုံးမကွဲမီက လက်နက်ကိုင်အချို့ ဘဏ်ထဲ ဝင်ရောက်ရန် ကြိုးစားမှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သေးကြောင်း သတင်းအချို့က ဖော်ပြခဲ့သည်။ အာဖဂန်တွင် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ဘဏ်များကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။ အထူးသဖြင့် အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဘဏ်များတွင် လစာငွေ ထုတ်ယူမှုရှိသည့် အခြေအနေမျိုးတွင် ပိုမို၍ တိုက်ခိုက်ခံရတတ်သည်။ “အခုလည်း အရာရှိတွေရော၊ အရပ်သားတွေပါ လစာထုတ်ဖို့ တန်းစီနေတုန်း ဖြစ်တာပါ။ အနီးအနားမှာ အီးဒ်ပွဲတော်အတွက် ဈေးဝယ်သူတွေလည်း ရှိနေတယ်။ အပြစ်မဲ့ ပြည်သူတွေ အများကြီး သေခဲ့ရတယ်။ ပျော်ရွှင်စရာ ကာလတစ်ခုကနေ ရုတ်တရက် ကံဆိုးမိုးမှောင် ကျခဲ့ကြရှာတာ ဖြစ်ပါတယ်”ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဆယ်လ်မန် အက်ဖ်ဂန်းက AFPသို့ ပြောကြားခဲ့သည်။ အာဖဂန်တွင် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ခိုက်မှုများ ပိုမို ထူထပ်လာသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က နိုင်ငံအရှေ့ပိုင်း ဂါးဒက်ဇ်မြို့တွင် အသေခံ ဗုံးခွဲမှု တစ်ခုကြောင့် ရဲအရာရှိ ၅ ဦး သေဆုံးပြီး အရပ်သား ၃၀ ကျော် ဒဏ်ရာရခဲ့သည်။ မေ ၃၁ ရက်ကလည်း ကဘူးလ်မြို့တော်တွင် ပြင်းထန်သော ကားဗုံးဖောက်ခွဲမှုတစ်ခုကြောင့် လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ကြောင်း သိရှိရသည်။
Source : http://ift.tt/2tAol3B
via IFTTT

No comments:

Post a Comment