Sunday, June 18, 2017

The Voice

အကျဉ်းသားများ ကျွေးမွေးစရိတ် တိုးမြှင့်မည် မန္တလေး၊ ဇွန် ၁၇ မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများ၏ နေ့စဉ် ကျွေးမွေးစရိတ် စက်တင်ဘာလကစ၍ တိုးမြှင့်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အကျဉ်းဦးစီးဌာနထံမှ သိရသည်။ ကြီးမြင့်လာသည့် ကုန်ဈေးနှုန်းများကြောင့် တိုးမြှင့် တောင်းခံရခြင်းဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်ကစ၍ အကျဉ်းထောင်များရှိ အကျဉ်းသားတစ်ဦးလျှင် တစ်ရက် ၆၀ဝ ကျပ်နှုန်း၊ အကျဉ်းစခန်းအတွင်းရှိ အကျဉ်းသားတစ်ဦးလျှင် တစ်ရက် ၆၂၅ ကျပ်နှုန်း ကျွေးမွေးခဲ့ရာမှ အကျဉ်းထောင်အတွင်းရှိ အကျဉ်းသား တစ်ဦးလျှင် ၉၇၅ ကျပ်နှုန်း၊ အကျဉ်းစခန်းအတွင်းရှိ အကျဉ်းသားတစ်ဦးလျှင် ၁၀ဝ၀ ကျပ်နှုန်းဖြင့် ကျွေးမွေးမည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာန လုံခြုံရေးဌာနစုမှ ဒုတိယ ညွန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောကြားသည်။ “ဘတ်ဂျက်စိစစ်ရေးအဖွဲ့က မူအရ ခွင့်ပြုထားပြီးဖြစ်ပါတယ်။ သို့သော်လည်း ဘတ်ဂျက်တော့ မရှိသေးဘူး။ ဖြည့်စွက် ရန်ပုံငွေကနေ တောင်းရမှာပေါ့။ စက်တင်ဘာလလောက် ဖြစ်ပါလိမ့်မယ်”ဟု ဦးမင်းထွန်းစိုးက ရှင်းပြသည်။ အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားနှင့် အကျဉ်းစခန်း အတွင်းရှိ အကျဉ်းသားများဟူ၍ ခွဲခြားထားရာ အကျဉ်းစခန်းအတွင်းရှိ အကျဉ်းသားများမှာ အလုပ်လုပ်ရသဖြင့် ကျွေးမွေးစရိတ် ပိုပေးရကြောင်း၊ မြန်မာနိုင်ငံ၌ အကျဉ်းထောင် ၄၆ ခု၌ အကျဉ်းသား ရှစ်သောင်းခန့်ရှိကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။ အကျဉ်းသားများအတွက် ကျွေးမွေးစရိတ်များကို အစိုးရကကျခံရသောကြောင့် ကုန်ကျငွေများစွာရှိနေကြောင်း၊ အကျဉ်းထောင်များတွင် ပြစ်ဒဏ် ကျခံနေရသူများအနက် အချို့မှာ ပြစ်မှုနှင့် ပြစ်ဒဏ် မမျှတသူများ ရှိနေကြောင်း၊ လွှတ်သင့်လွှတ်ထိုက်သူများကို စိစစ်၍ လွှတ်ပေးမည်ဆိုပါက ကုန်ကျစရိတ်များစွာ သက်သာစေနိုင်ကြောင်း မန္တလေးမြို့ခံ အရပ်ဘက် အဖွဲ့အစည်းအချို့က ထောက်ပြသည်။ အကျဉ်းထောင် အသီးသီးသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလာသူများအနက် စာမတတ်သူများကို အသုံးလုံးသင်တန်းများပို့ချခြင်း၊ ဘာသာရေး နည်းလမ်းများဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ နူးညံ့သိမ်မွေ့လာအောင် ပြုလုပ်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးခြင်း၊ ပညာတစ်ပိုင်းတစ်စဖြင့် ရောက်ရှိလာသော ကျောင်းသားများကို ပညာဆက်လက် သင်ကြားနိုင်ရန် ပြုလုပ်ပေးခြင်း၊ အားကစားပြုလုပ်စေခြင်း၊ အကျဉ်းထောင်များအတွင်း ကျန်းမာရေး ဟောပြောပွဲများ ပြုလုပ်ပေးခြင်းများ လုပ်ဆောင်ပေးနေကြောင်း အကျဉ်းဦးစီးဌာန၏ လုပ်ငန်းစဉ်များအရ သိရသည်။
Source : https://goo.gl/voDKUj
via IFTTT

No comments:

Post a Comment