Friday, June 23, 2017

The Voice

ဥပဒေ ချိုးဖောက်ထားသူများကို အဖွဲ့အတွင်း လက်ခံထားခြင်း မရှိဟု DKBA (ကလိုထူးဘော) ထုတ်ပြန် ရန်ကုန်၊ ဇွန် ၂၂ အဖွဲ့အစည်းအတွင်း၌ တရားဥပဒေ ချိုးဖောက်ထားသူများကို လက်ခံထားခြင်း အကာအကွယ် ပေးထားခြင်း မရှိကြောင်း ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ကလိုထူးဘော ဌာနချုပ်က ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။ DKBA အဖွဲ့က အဆိုပါ ထုတ်ပြန်ချက်ကို ဇွန်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ အင်တာနက် လူမှုကွန်ရက်ပေါ်တွင် တရားခံပြေးအချို့ကို DKBA အဖွဲ့က အကာအကွယ် ပေးထားသည့် ကောလာဟလများ ထွက်ပေါ်နေသည့်အပေါ် ယခုလို တုံ့ပြန်၍ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ကလို့ထူးဘောအဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့်အဖွဲ့ ဖြစ်သည်။ တရားဥပဒေ ချိုးဖောက်ကျူးလွန်ပြီး တိမ်းရှောင်သူများ မည်သူ့ကိုမဆို တပ်ဖွဲ့ဝင်အဖြစ်သော် လည်းကောင်း တပ်ဖွဲ့နှင့် ဆက်နွှယ်သည့် မည်သည့်ကဏ္ဍတွင်မှ လက်ခံခြင်း အသိအမှတ်ပြုခြင်း၊ အကာအကွယ်ပေးခြင်း၊ ခိုလှုံခွင့် ပေးထားခြင်းမျိုး လုံးဝမရှိကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် DKBA ၏ အမည်နာမ အခန်းကဏ္ဍကို အလွဲသုံးစားပြု၍ အကာအကွယ်ပြုလာပါက မိမိတို့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်က လက်ခံမည် မဟုတ်ကြောင်းနှင့် ဥပဒေ ချိုးဖောက်သူများအား ထိန်းသိမ်း၍ ဥပဒေအရ အရေးယူနိုင်စေရေး အလို့ငှာ ဌာနဆိုင်ရာ အုပ်ချုပ်ရေးဌာနများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဆိုင်ရာတာဝန်ရှိ ဌာနများကို လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ ထုတ်ပြန်ချက် ထုတ်ပြန်ရခြင်းမှာ လက်ရှိ အင်တာနက်လူမှုကွန်ရက် စာမျက်နှာများတွင် DKBA ၏ နာမည်ဖြင့် ယင်းသို့ အကာအကွယ်ပေးနေသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရေးသားလာသည့် အတွက် ခေါင်းဆောင်ပိုင်းက အစည်းအဝေးလုပ်ကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း DKBA တပ်မှူးတစ်ဦးက ပြောသည်။ “စွပ်စွဲချက်တွေက အခုရက်ပိုင်း ဆက်တိုက်တက်လာနေတယ်။ ဦးကိုနီအမှု တရားခံ အောင်ဝင်းခိုင်ကို အကာအကွယ် ပေးထားတယ်လို့လည်း ရေးနေကြတယ်။ ပြီးတော့ ဘာသာရေးမှာလည်း နာမည်ကို အသုံးပြုပြီး ဥပဒေပြင်ပတွေ ရေးလာတာတွေကြောင့် အဖွဲ့ဂုဏ်သိက္ခာကို ထိပါးလာတဲ့သဘော ဖြစ်နေတယ်” ဟု ယင်းတပ်မှူးက ပြောသည်။ ထို့ပြင် လူမှုကွန်ရက်များနှင့် အချို့သော သတင်းမီဒီယာများတွင်လည်း မိမိတို့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA နှင့် မိမိတို့တပ်ဖွဲ့မှ ထုတ်ပယ်ထားသူများက ပြန်လည်စုပေါင်း ဖွဲ့စည်းထားသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်တို့ အမည်အား DKBA ဟု ရောနှောသုံးစွဲနေပြီး ယင်းသို့ ရပ်တည်ချက် မတူညီသည့်အပေါ် DKBA ဟု သုံးစွဲခြင်းကို ဆင်ခြင်စေလိုကြောင်း ယင်းသတင်းများကြောင့် အဖွဲ့အစည်း၏ လျှောက်လှမ်းနေသည့် ငြိမ်းချမ်းရေး ကဏ္ဍအပေါ် အထင်လွဲမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း DKBA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Source : https://goo.gl/kmGqNX
via IFTTT

No comments:

Post a Comment