လှည်းကူးရှိ ဖယ်ရှားခံ ကျူးကျော်များ နေပြည်တော် ရွှေနံ့သာ ဘောလုံးကွင်းတွင် ဆန္ဒထုတ်ဖော် ရန်ကုန်၊ ဇွန် ၂၆ လှည်းကူးမြို့နယ် အမြန်လမ်းရှိ ကျူးကျော်နေအိမ်များ ဖယ်ရှားခံရမှုနှင့် ပတ်သက်၍ ဖယ်ရှားခံရသူများ စုပေါင်းကာ ဇွန်လ ၂၆ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ရွှေနံ့သာ ဘောလုံးကွင်း၌ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။ လှည်းကူးမှ ဖယ်ရှားခံရသူ ကျူးကျော်အယောက် ၅၀ ခန့် စုပေါင်း၍ ဇွန်လ ၁၅ ရက်မှ စတင်ပြီး လှည်းကူးမှ နေပြည်တော်သို့ လမ်းလျှောက်ကာ ၁၁ ရက်ကြာ ဆန္ဒထုတ်ဖော်ခဲ့ပြီးနောက် ဇွန်လ ၂၆ ရက်တွင် နေပြည်တော်ရှိ ရွှေနံ့သာ ဘောလုံးကွင်း၌ နံနက် ၉ နာရီမှ ၁၁ နာရီထိ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း လမ်းလျှောက်ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။ “ရွှေနံ့သာဘောလုံးကွင်းမှာ ဆန္ဒပြရတဲ့ ရည်ရွယ်ချက်က တစ်ခုထဲပါ။ နေစရာမရှိလို့ အိမ်ထောင်စု တစ်စုကို ပေ ၄၀ x ပေ ၆၀ မြေတစ်ကွက်စီ ပေးဖို့တောင်းဆိုတာပါ။ ကျူးကျော်အိမ်တွေ မဖျက်ခင်တည်းက နေစရာ တစ်နေရာပေးဖို့ တောင်းဆိုထားတာပါ။ အခုလှည်းကူးပြန်ဖို့ နေပြည်တော်ကောင်စီ နယ်မြေရဲတပ်ဖွဲ့က တာဝန်ရှိသူတွေက လိုက်ပို့ပေးပါတယ်” ဟု လမ်းလျှောက်ဆန္ဒထုတ်ဖော်သူ ဦးမောင်နိုင်က ဆိုသည်။ ဆန္ဒဖော်ထုတ်ပွဲကို ဇွန် ၂၆ ရက် ရွှေနံ့သာကွင်းတွင် နံနက် ၉ နာရီမှ စတင်ကာ မြေနေရာမဲ့ ပြည်သူများ မြေနေရာ ရရှိရေး၊ ကျူးကျော်ရှင်းလင်းရာတွင် စနစ်တကျ စိစစ်ရှင်းလင်းဖယ်ရှားရေး အချက်နှစ်ချက်ကို တောင်းဆိုခဲ့ကြသည်။ ထို့ပြင် မြေနေရာမဲ့များကို မြေရာ အစားထိုး ပြန်လည်ပေးနေရာချပေးရန်အတွက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ထံ ဇွန်လ ၂၆ ရက်က အသနားခံစာ တင်ခဲ့ကြောင်း ဆန္ဒဖော်ထုတ်သူများထံမှ သိရသည်။ ကျူးကျော်တဲများ ဖျက်ဆီးရာတွင် စခန်းကြီးကျေးရွာနှင့် ကံ့ကော်ကျွန်း ကျေးရွာတို့တွင် ကျူးကျော်တဲ ၅၀၂ လုံးရှိပြီး အောင်ရတနာ၊ ရတနာအောင်၊ အောင်သုခ၊ စိမ်းလန်းကျေးရွာတို့ ပါဝင်သည်။ လှည်းကူးမြို့နယ်၊ စခမ်းကြီးကျေးရွာအုပ်စု၊ အမြန်လမ်း လမ်းဘေးဝဲယာရှိ မြေဧက ၁၄၅၃ ဒသမ ၇၂ ဧကပေါ်တွင် နေထိုင်သည့် ကျူးကျော်တဲ ၆၀၀ ခန့်ကို ဇွန်လ ၁၂ ရက်၊ နံနက် ၉ နာရီအချိန်က စတင်ကာ ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်နှင့် အရပ်သား အလုပ်သမား ၁၀၀၀ ခန့်တို့က ဖျက်သိမ်းခဲ့ပြီး ယခုလက်ရှိတွင် ကျူးကျော်တဲများ အားလုံး အပြီးသတ် ရှင်းလင်းဖယ်ရှားပြီးပြီ ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။ ရန်ကုန်တိုင်းတွင် ကျူးကျော်နေထိုင်သူဦးရေ လေးသိန်းကျော်ခန့် ရှိကြောင်း တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားပြီး ယခုဖယ်ရှားခံရသည့် လှည်းကူးမြို့နယ်၊ စခမ်းကြီးကျေးရွာရှိ ကျူးကျော်များသည် တိုင်းအစိုးရအဖွဲ့က ကောက်ယူသည့် စာရင်းတွင် မပါဝင်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။ အဆိုပါနေရာတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ပုဂ္ဂလိက ကုမ္ပဏီများ ပူးပေါင်းပြီး နိုင်ငံတကာအဆင့်မီ စာသင်ကျောင်း အပါအဝင် လူနေအိမ် ပန်းခြံနှင့် ဆေးရုံ၊ ဂေါက်ကွင်း၊ ဈေးများ စသည်တို့ ပါဝင်သည့် နိုင်ငံတော်အဆင့် စီမံကိန်းတစ်ခု ပြုလုပ်မည် ဖြစ်သည်။
Source : https://goo.gl/qwPrKe
via IFTTT
No comments:
Post a Comment