ဒုက္ခသည် ဦးရေ ကြီးထွားလာသည့် စာရင်းတွင် မြန်မာနိုင်ငံ ပါဝင် မြန်မာနိုင်ငံ၏ ပြည်တွင်း ပဋိပက္ခများကြောင့် ၂၀၁၆ နှစ်ကုန် အထိ လူ ၄၉၀၀၀၀ ကို ဒုက္ခသည် ဖြစ်စေသကဲ့သို့ အခြားသူ ၃၇၅၀၀၀ မှာ နေရပ်စွန့် ထွက်ပြေးပုန်းရှောင် (IDP) များ ဖြစ်စေခဲ့ပြီး ကမ္ဘာအနှံ့ နေရပ်စွန့် ထွက်ပြေးပုန်းရှောင်နေသည့် လူဦးရေ တိုးပွားလာစေသည် ဟု အာရှဒေသ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ ပြောခွင့်ရသူ ဗီဗီယန်တန် က ပြောသည်။ ၂၀၁၆ ခုနှစ်ကုန်အထိ ကမ္ဘာတဝန်းတွင် လူ ၆၅ ဒသမ ၅ သန်းတို့သည် အတင်းအကျပ် နေရပ်စွန့်ခွာရခြင်း ကြုံတွေ့နေရသည် ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ကမ္ဘာ့ ဒုက္ခသည်များနေ့ မတိုင်မီ အင်္ဂါနေ့က ထုတ်ပြန်သည့် နှစ်စဉ် ကမ္ဘာ့အခြေအနေ အစီရင်ခံစာတွင် ဖော်ပြသည်။ “ကမ္ဘာတဝန်း စစ်ပွဲ၊ အကြမ်းဖက် တိုက်ခိုက်မှုနှင့် ဖိနှိပ်ခြင်းတို့သည် အတင်းအကျပ် နေရပ်စွန့်ခွာ ထွက်ပြေးရမှုများကို ယခင်ကထက် ပိုမို များပြားလာစေသည်” ဟု ထို အစီရင်ခံစာတွင် ဖော်ပြသည်။ ထို စာရင်းပါ လူ ၆၅ ဒသမ ၅ သန်းတွင် ဒုက္ခသည်များ၊ နေရပ်စွန့်ခွာ ထွက်ပြေးရသူများနှင့် ခိုလှုံခွင့်တောင်းခံသူများ ပါဝင် သည်။ ဒုက္ခသည်များနှင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ အများအပြား ဖြစ်စေသော နိုင်ငံများတွင် ဆီးရီးယား၊ တောင်ဆူဒန်၊ အီရတ်နှင့် ကိုလံဘီယာတို့ ပါဝင်ပြီး စစ်နှင့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ထိုသို့ကြုံတွေ့ရခြင်း ဖြစ်သည်။ “မြန်မာနိုင်ငံဟာ ကမ္ဘာ့အဋ္ဌမမြောက် ဒုက္ခသည် အများဆုံး ပေါ်ပေါက်စေတဲ့ နိုင်ငံဖြစ်ပြီး ဒုက္ခသည် ၄၉၀၀၀၀ လောက်ကို အဓိကအားဖြင့် ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ မလေးရှားနဲ့ အိန္ဒိယ နိုင်ငံတွေက လက်ခံထားရပါတယ်” UNHCR Asia ပြောခွင့်ရသူက ဧရာဝတီသတင်းဌာနသို့ ပြောသည်။ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း တို့တွင်လည်း ပြည်တွင်း ရွာပုန်းရွာရှောင် အဖြစ် ရွှေ့ပြောင်းနေထိုင်ရသူမှာ ၃၇၅၀၀၀ ရှိသည်ဟုလည်း ထိုပြောခွင့်ရသူက ဆိုသည်။ နိုင်ငံတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရှိနေသော်လည်း နိုင်ငံအရှေ့ပိုင်းနှင့် မြောက်ပိုင်း ဒေသတွင် တိုက်ပွဲများ မပြီးနိုင် မဆုံးနိုင်အောင် ဖြစ်နေမည်ကို စိုးရိမ်နေရသည်။ “ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေရဲ့ တိုးတက်မှုကို အနီးကပ် ကြည့်လိုက်တဲ့အခါ ကျတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်မှာကို စိုးရိမ်ရတယ်။ ၂၀၁၁ ခုနှစ် ဇွန်လက အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပျက်သွားပြီးနောက် တိုက်ပွဲတွေ ဖြစ်နေတာ ၇ နှစ်ထဲကို ရောက်လာပြီ” ဟုလည်း ဗီဗီယန်တန် က ပြောသည်။ သူက မြန်မာစစ်တပ်နှင့် KIA တို့ အကြား ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်သည် ၂၀၁၁ ခုနှစ်မှာ ပျက်သုန်းခဲ့ခြင်း ဆို ဆိုလိုသည်။ မြန်မာနိုင်ငံ နယ်စပ်ဒေသများမှ ဆယ်စုနှစ်များစွာကြာ တိုက်ပွဲများသည် ဒေသတွင်းတွင် အရှည်ကြာဆုံးသော ဒုက္ခသည်နှင့် ပြည်တွင်း နေရပ်စွန့်ခွာ နေထိုင်ရခြင်းကို ဖြစ်ပေါ်စေခဲ့သည်။ အရပ်သား အများအပြားမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး လူသားချင်း စာနာမှု အကူအညီများကိုလည်း အကန့်အသတ်ဖြင့်သာ ရရှိနေသည်ဟု သူက ဆက်ပြောသည်။ “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ နောက်ထပ်တိုးတက်မှုတွေဟာ အနာဂတ်မှာ ဒုက္ခသည်တွေနဲ့ ပြည်တွင်း နေရပ်စွန့်ခွာသူတွေ အတွက် သူတို့ သဘောအရ လုံခြုံပြီး သိက္ခာရှိစွာ နေရပ်ပြန်ဖို့ ငြိမ်းချမ်းရေးနဲ့ ပြန်လည် သင့်မြတ်ရေး အတွက် အခြေခံတွေကို ချမှတ်နိုင်မယ် လို့ ကျမတို့ မျှော်လင့်ပါတယ်” ဟုလည်း ဗီဗီယင်တန် က ပြောသည်။ တချိန်တည်းတွင် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်ရှိ အသိုင်းအဝန်း ၂ ခု အကြား ပဋိပက္ခကြောင့် လူ ၁၂၀၀၀၀ တို့သည် နေအိမ်များ ဆုံးရှုံးခဲ့ပြီး နေရပ်စွန့်ခွာ ထွက်ပြေးရသူများ အတွက် စခန်းများတွင် ဆိုးရွားသော အခြေအနေဖြင့် နေထိုင်နေ ကြရသည်။ “မနှစ်က အောက်တိုဘာလက ရခိုင်ပြည်နယ်မှာ စတင်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျမတို့ စိုးရိမ်နေတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် လူ ၇၄၀၀၀ လောက် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးနေရတယ်” ဟု ဗီဗီယင်တန် က ပြောသည်။ နေရပ်စွန့်ခွာ ထွက်ပြေးကြရသူ ၆၅ သန်း အနက် ၁၇ ဒသမ ၂ သန်းကို UNHCR က တာဝန်ယူနေရသည် ဟု ၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဆီးရီးယားနိုင်ငံသည် ကမ္ဘာ့ဒုက္ခသည် အများဆုံး ဖြစ်ပေါ်စေသော နိုင်ငံဖြစ်ပြီး တူရကီနှင့် အခြားနိုင်ငံများတွင် ဒုက္ခသည် ၅ ဒသမ ၅ သန်းပေါ်ပေါက်စေခဲ့သည်။ သို့သော် တောင်ဆူဒန်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဇူလိုင်လတွင် ပျက်စီး သွားပြီးနောက် ၂၀၁၆ ခုနှစ် အတွက် အကြီးမားဆုံး ဒုက္ခသည် ထုတ်လုပ်သည့် နိုင်ငံသစ်တခု ဖြစ်လာစေခဲ့သည်။ ဆီးရီးယား၊ အီရတ် နှင့် ကိုလံဘီယာတို့သည် နေရပ်စွန်ခွာရမှု အများဆုံး ဖြစ်စေသောနိုင်ငံများ ဖြစ်သည်။ ၂၀၁၆ ခုနှစ် နှစ်ကုန်က ကမ္ဘာတဝန်းခိုလှုံခွင့်တောင်းသူ ၂ ဒသမ ၈ သန်းရှိသည်။ ကမ္ဘာ့ဒုက္ခသည်များ၏ ထက်ဝက်ဖြစ်သော ကလေးသူငယ်များသည် ၎င်းတို့၏ ထိခိုက်လွယ်သော အခြေအနေများကြောင့် အရွယ်နှင့် မမျှသော ဝန်ထုတ်ဝန်ပိုးများကို ခံစားနေရသည်။ ၂၀၁၆ ခုနှစ် နှစ်ကုန်တွင် အနည်းဆုံး လူ ၁၀ သန်းတို့သည် လူမျိုးမဲ့ သို့မဟုတ် နိုင်ငံမဲ့ ဖြစ်စေသည့် အခြေအနေရှိသည် ဟု UNHCR က ခန့်မှန်းသည်။
Source : https://goo.gl/LTnCSH
via IFTTT
No comments:
Post a Comment