ကလေးစစ်သား ၆၀ ကျော် တပ်မတော် နုတ်ထွက်ခွင့်ပြု ရန်ကုန်၊ ဇွန် ၂၃ အရွယ်မတိုင်မီ စစ်မှုထမ်းဆောင်နေသည့် ကလေးသူငယ်နှင့် လူငယ် ၆၇ ဦးကို တပ်မတော်က ဇွန်လ ၂၃ ရက်နေ့တွင် နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း ကလေးစစ်သား ပပျောက်ရေး လုပ်ဆောင်နေသည့် UNICEF (ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့) မြန်မာက သတင်းထုတ်ပြန်သည်။ ယနေ့ နုတ်ထွက်ခွင့်ပြုသည့် ကလေးစစ်သား ၆၀ ကျော်မှာ ၂၀၁၇ ခုနှစ်အတွင်း ပထမဆုံးအကြိမ် နုတ်ထွက်ခွင့်ပြုခြင်း ဖြစ်ကြောင်း၊ တပ်မတော်က ကလေးစစ်သား စုဆောင်းခြင်းနှင့် အသုံးပြုခြင်းကို အဆုံးသတ်ရန်အတွက် ကုလသမဂ္ဂနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းရလဒ် ဖြစ်ကြောင်း UNICEF က ဆိုသည်။ “တပ်မတော်က အသက်မပြည့်သေးတဲ့ ကလေးတွေကို စစ်မှုထမ်းစေခြင်းကနေ ကာကွယ်တားဆီးနိုင်ဖို့ ဒီလိုနုတ်ထွက်ခွင့်ပေးတဲ့ အပေါ်မှာ ကြိုဆိုဂုဏ်ပြုချင်ပါတယ်။ လွန်ခဲ့တဲ့လေးနှစ်နဲ့ နှိုင်းယှဉ်ရင် ကလေးသူငယ်တွေကို စစ်မှုထမ်းဆောင်ဖို့ စုဆောင်းခြင်းက ပိုမိုခက်ခဲလာပါပြီ” ဟု UNICEF ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် ဘတ်(ထ)ရန် ဘိန်းဗဲလ်က မှတ်ချက်ပြုသည်။ ကလေးသူငယ် စစ်မှုထမ်းပပျောက်ရေး တပ်မတော်နှင့် UNICEF တို့ ပူးပေါင်းဆောင်ရွက်ရန် ၂၀၁၂ ခုနှစ်တွင် သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးနောက် ယနေ့အထိ စစ်မှုထမ်းအဖြစ်မှ လွတ်မြောက်လာသူ ကလေးသူငယ် ၈၄၉ ဦးရှိပြီ ဖြစ်ကြောင်း UNICEF ၏ မှတ်တမ်းများအရ သိရသည်။ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်ခုနစ်ဖွဲ့ကို ကလေးသူငယ်များအား တပ်သားအဖြစ် စုဆောင်းခြင်းနှင့် အသုံးပြုခြင်းကို ဆက်လက်ကျူးလွန်နေသူများအဖြစ် ကုလသမဂ္ဂ၏ စာရင်းတွင် ဖော်ပြထားသည်။ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့မှာ ကရင်တိုင်းရင်းသား လက်နက်ကိုင် သုံးဖွဲ့၊ ကချင်၊ ကရင်နီ၊ ရှမ်းနှင့် ‘ဝ’ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ ဖြစ်သည်။
Source : https://goo.gl/oxPULi
via IFTTT
No comments:
Post a Comment