Tuesday, June 27, 2017

The Voice

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ တက္ကသိုလ် ၁၇ ခုတွင် လက်ခံမည် ရန်ကုန်၊ ဇွန် ၂၆ ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအတွက် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို တက္ကသိုလ် ၁၇ ခုတွင် လက်ခံပေးသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက ပြောကြားသည်။ တက္ကသိုလ်ဝင်ခွင့်လျှောက်ရန်အတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ စာအိတ်နှင့် လျှောက်လွှာပုံစံများကို ကျောင်းသား၊ ကျောင်းသူများအနေနှင့် ထုတ်ယူသည့်နေ့မှစ၍ ၁၅ ရက်အတွင်း ပေးပို့ရမည်ဖြစ်သည်။ “အရင်နှစ်တွေက တစ်နိုင်ငံလုံးက လျှောက်လွှာအားလုံး ရန်ကုန်ကိုပဲ ပို့ရတာ။ အဲဒီမှာ လျှောက်လွှာတွေ အချိန်မီ ရောက်မလာကြဘူး။ ဒါကြောင့် ဒီနှစ်ကစပြီးတော့ အချိန်မီ ရောက်အောင်ဆိုပြီး တက္ကသိုလ် ၁၇ ခုမှာ ခွဲပြီးတော့ လက်ခံဖို့လုပ်တာ”ဟု ဒေါက်တာအောင်အောင်မင်းက ပြောကြားသည်။ လျှောက်လွှာစာအိတ်များကို မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ၊ ဟားခါး၊ မုံရွာ၊ ထားဝယ်၊ တောင်ငူ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မော်လမြိုင်၊ စစ်တွေ၊ ရန်ကုန်၊ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံနှင့် ပုသိမ်တို့ရှိ တက္ကသိုလ်တို့မှ လက်ခံသွားရန် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်းက ၂၀၁၇ ခုနှစ် ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အဆင့်မြင့်ပညာကဏ္ဍ) တွင် စာတမ်း တင်သွင်းခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် တက္ကသိုလ်ဝင် တန်းစာမေးပွဲ အောင်မြင်သူ (၁၉၀၃၉၀) ဦးရှိပြီး သတ်မှတ်ရက်အတွင်း လက်ခံရရှိသည့် လျှောက်လွှာ အရေအတွက်မှာ လူကိုယ်တိုင် လျှောက်ထားသူ (၃၉၁၄၆) ဦးနှင့် စာတိုက်နှင့် အမြန်ချောပို့မှ လျှောက်ထားသူ (၉၁၃၇) ဦး၊ စုစုပေါင်း (၄၈၂၈၃) ဦးသာ လျှောက်ထားခဲ့ကြကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၂၅ ရာခိုင်နှုန်းကျော်သာ လက်ခံရရှိခဲ့ကြောင်း ဒေါ်သန်းသန်းဝင်းက စာတမ်း တင်သွင်းချိန်တွင် ပြောကြားသည်။ “လက်ခံရရှိတဲ့ လျှောက်လွှာစာအိတ်တွေထဲကနေ ဝင်ခွင့်ရွေးချယ်ရေး ကတ်ပြားက အချက်အလက်တွေကို စစ်ဆေးဖို့ လုပ်ငန်းစဉ်အတွက် အချိန် ၁၂ ရက် ယူရတယ်။ လုပ်ငန်းအဆင့် ၆ ဆင့်ရှိပါတယ်။ ဒါကြောင့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်တွေ စောစော ရောက်ရှိရေးဟာ အဓိက လိုအပ်ပါတယ်”ဟု ၎င်းကဆိုသည်။ ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ချင်းပြည်နယ်မှ အောင်မြင်ခဲ့သည့် ကျောင်းသားမိဘတစ်ဦးကမူ “အရမ်း ကောင်းပါတယ်။ အရင်နှစ်တွေကတည်းက ဖြစ်သင့်တယ်။ အကြီးမတုန်းက စာတိုက်ကနေ အမြန် ချောပို့ရတာ။ အချိန်အားဖြင့် တစ်လလောက် ကြာတယ်။ ဒီဘက်က လမ်းခရီးကလည်း မိုးတွင်းဆို ကားတွေက သွားရတာ အဆင်မပြေဘူးလေ။ ပို့ခတော့ ဘယ်လောက်လဲ မမှတ်မိတော့ဘူး”ဟု ပြောဆိုသည်။ သက်ဆိုင်ရာ တက္ကသိုလ်များမှတစ်ဆင့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို အဆင့်မြင့်ပညာကဏ္ဍ (ရန်ကုန်ရုံးခွဲ) မှ ဆက်လက် လက်ခံသွားမည်ဖြစ်ပြီး ဝင်ခွင့်ရရှိကြောင်း အကြောင်းပြန်သည့် ကတ်ပြားများကို ကျောင်းသား၊ ကျောင်းသူများထံ စာတိုက်မှသော်လည်းကောင်း၊ ရပ်/ကျေး အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးများမှသော်လည်းကောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန(ရန်ကုန်) က အချိန်မီ ပြန်လည် ပေးပို့မည်ဖြစ်သည်။ ၂၀၁၇ ခုနှစ်အတွက် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြန့်ဝေခြင်း၊ တက္ကသိုလ် ဝင်ခွင့် လျှောက်လွှာများ ခေါ်ယူခြင်းများကို ဩဂုတ်လ လဆန်းပိုင်းတွင် ပြုလုပ်သွားမည်ဟု ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Source : https://goo.gl/f8cVZv
via IFTTT

No comments:

Post a Comment