‘ကျွန်’ ဇာတ်ကားကိစ္စ ရုပ်ရှင်အစည်းအရုံး ကြားဝင်ညှိနှိုင်း မန္တလေး၊ ဇွန် ၂၆ ပုဂံဒေသကို ဇာတ်အိမ်ပြု ရိုက်ကူးခဲ့သည့် ကျွန်ရုပ်ရှင်ကားနှင့် ပတ်သက်၍ ဒေသခံများနှင့် ထုတ်လုပ်သူ၊ ဒါရိုက်တာများအကြား ကြားဝင်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးထံမှ သိရသည်။ ကျွန်ရုပ်ရှင် ဇာတ်ကားကို မြန်မာနိုင်ငံရှိ ရုပ်ရှင်ရုံများတွင် ဇွန်လ ပထမပတ်က စ၍ ရုံတင်ပြသခဲ့ရာ အဆိုပါ ရုပ်ရှင်ကားတွင် ပါဝင်သည့် အသုံးအနှုန်းများ၊ သရုပ်ဖော်ချက်များ၊ ဇာတ်လမ်းသဘောတရားများသည် ပုဂံဒေသ၏ ဂုဏ်သိက္ခာကို ကျဆင်းစေသဖြင့် ဒေသခံများက ကန့်ကွက်ခဲ့ကြသည်။ “ကျွန်တော့်အနေနဲ့က ဒီနေ့ခေတ်ကြီးမှာ အနုပညာရှင်တွေနဲ့ ဒေသခံတွေအကြား၊ ပရိသတ်တွေအကြား အဆင်မပြေတဲ့ ပြဿနာတစ်ခုကို ဆက်ပြီးတော့ မကြီးထွားစေချင်ပါဘူး။ ဒါကြောင့် ကန့်ကွက်တဲ့ ဒေသဆိုင်ရာ တာဝန်ခံ ခေါင်းဆောင်တွေနဲ့ ရုပ်ရှင်ထုတ်လုပ်သူ ဒါရိုက်တာတွေနဲ့ကြားမှာ အဆင်ပြေဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ကြားဝင် ညှိနှိုင်းဖြေရှင်းပေးတာပါ။ အနုပညာလောကကို အခြေခံပြီး ပြဿနာတစ်စကို မီးမွှေးတာမျိုး မဖြစ်စေချင်ပါဘူး” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ပြောကြားသည်။ ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဇွန်လ ၂၅ ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံ ဥက္ကဋ္ဌနှင့် ဒေသခံများ တွေ့ဆုံခဲ့ကြကြောင်း မင်္ဂလာသာစည် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းမောင်က ပြောဆိုသည်။ ယင်းသို့ တွေ့ဆုံစဉ် ကျွန်ရုပ်ရှင်ကားနှင့် ပတ်သက်၍ တာဝန်အရှိဆုံး ပုဂ္ဂိုလ်များက ပုဂံ-ညောင်ဦး ဒေသခံများ၏ ဂုဏ်သိက္ခာ ညှိးနွမ်းကျဆင်းစေမှုအတွက် ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ရန်၊ ထိုသို့ တောင်းပန်သည့် အကြောင်းအရာကို နိုင်ငံပိုင်သတင်းစာမှ ထည့်သွင်းပေးရန်၊ ရုံတင်ပြသနေမှုကို ချက်ချင်းရပ်ဆိုင်းပေးရန်၊ ဗီဒီယိုဇာတ်ကားအဖြစ် ထုတ်လုပ်ဖြန့်ဖြူးခြင်း မလုပ်ရန်၊ ယင်းဇာတ်ကားကို ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များတွင် ပါဝင်ပြသခြင်း မပြုလုပ်ရန်၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်ရွေးချယ်ရေး ကော်မတီထံ အဆိုတင်သွင်းခြင်း မပြုရန်၊ ကျွန်ရုပ်ရှင်ဇာတ်ကားကို ရုပ်ရှင်ဗီဒီယိုဆင်ဆာအဖွဲ့က ပြသခွင့် ပြုထားခြင်းကို ပြန်လည်ရုပ်သိမ်းပေးရန် စသည်တို့ ဆွေးနွေးခဲ့ကြောင်း၊ ဒေသခံများ တောင်းဆိုထားသည့် အချက်ခြောက်ချက်အနက် အမှတ်စဉ် ၁ မှ ၄ အထိကို ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ပြောကြားခဲ့ကြောင်း မင်္ဂလာသာစည် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။ “မှန်ပါတယ်။ ဒီအချက်တွေထဲက လေးချက်လောက်ကို ရအောင် ညှိနှိုင်းပေးမယ်ဆိုတဲ့ နေရာမှာ ရာနှုန်းပြည့် သဘောတူညီမှု မရသေးပါဘူး။ ဆက်ပြီး ဆွေးနွေးရဦးမယ်ပေါ့။ ကျွန်တော်နဲ့ ဒေသခံတွေ ညှိနှိုင်းခဲ့တာတွေကို ထုတ်လုပ်သူ၊ ဒါရိုက်တာတွေနဲ့ သုံးပွင့်ဆိုင် ဆွေးနွေးသွားမယ်” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက အတည်ပြု ပြောဆိုသည်။ “မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဆိုတာက ကျွန်တော်တို့ရဲ့ လူမှုရေးကိစ္စတွေကို ဖြေရှင်းပေးတဲ့ အဖွဲ့အစည်းတစ်ခုပဲ။ ကောင်းတဲ့အရာတွေကို လုပ်ဆောင်ပေးတဲ့ အဖွဲ့အစည်းတစ်ခုပေါ့။ ကျေးဇူးတင်ပါတယ်” ဟု ကျွန်ရုပ်ရှင်ဇာတ်ကား ရိုက်ကူးသူ ညွန့်မြန်မာညီညီအောင်က The Voice သို့ ပြောကြားသည်။ ယင်းကျွန်ရုပ်ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ရိုက်ကူးထားပြီး သရုပ်ဆောင်များအဖြစ် နေတိုး၊ မြင့်မြတ်၊ ရဲအောင်၊ ဝတ်မှုံရွှေရည်၊ စိုးမြတ်သူဇာနှင် ထူးမွန်တို့က အဓိက သရုပ်ဆောင်ထားသည်။
Source : https://goo.gl/tpkQJm
via IFTTT
No comments:
Post a Comment