Friday, June 23, 2017

The Voice

၆၆(ဃ) ပြင်ဆင်ရန် လွှတ်တော်သို့ လွန်ခဲ့သည့် နှစ်လခန့်က ပေးပို့ထားဟုဆို နေပြည်တော်၊ ဇွန် ၂၂ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ကို ပြည်သူများ တောင့်တနေသည့်အတိုင်း ဖြစ်လာစေရန် ပြင်ဆင်၍ လွှတ်တော်သို့ ပေးပို့ထားသည်မှာ နှစ်လကျော်ခန့် ရှိပြီဖြစ်ကြောင်း လွှတ်တော်မှ စုံစမ်းသိရှိရသည်။ ဆက်သွယ်ရေးဥပဒေ ပုဒ်မ - ၆၆(ဃ) နှင့် ပတ်သက်၍ လွှတ်တော်သို့ ပေးပို့ထားသော မူကြမ်းတွင် အာမခံ ရရှိရေးနှင့် ပြစ်ဒဏ်လျှော့ပေါ့ရေးတို့ ပါဝင်ကြောင်း ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ဆန်းစစ်ရေးကော်မရှင် ဒု-ဥက္ကဋ္ဌ ဒေါက်တာဦးအောင်ခင်က ပြောကြားသည်။ “အဓိက ကတော့ အာမခံပေးရေးနဲ့ ပြစ်ဒဏ်ပါပဲ၊ ပြစ်ဒဏ်ကတော့ လူတွေ လိုအပ်တာကို လုပ်ပေးတာပါပဲ၊ အာမခံက အခုလည်း ပေးနေတာပဲ၊ သို့သော်လည်း လူပေါ်မူတည်နေသလို ဖြစ်နေတယ်” ဟု ဒေါက်တာအောင်ခင်က ဆိုသည်။ ယင်းဥပဒေပါ ပုဒ်မ ၆၆(ဃ) ကို ပြင်ဆင်ရန် လိုအပ်ကြောင်း အထူးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြရေးသားခဲ့ဖူးသည်။ “အမှန်ကတော့ ဥပဒေ တစ်ခုကလည်း ခက်တာကတော့ တုံ့ဆိုင်းတာတော့ မဟုတ်ပါဘူး၊ ကြာပါပြီ။ ဥပဒေနဲ့ အထူးကိစ္စရပ်များကော်မရှင် ဆိုရင်လည်း သူလုပ်လို့မရဘူး။ တကယ်လုပ်တာက လွှတ်တော်ပဲလုပ်လို့ ရတယ်လေ၊ သူ (ကော်မရှင်) ကတော့ အကြံပဲပေးမှာပေါ့” ဟု ဒေါက်တာအောင်ခင်က ပြောကြားသည်။ လက်ရှိအချိန်ထိ ယင်းဥပဒေပုဒ်မကို ပြင်ဆင်ရန် NLD ပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက လွှတ်တော်သို့ နှစ်ကြိမ် တင်ပြခဲ့သော်လည်း လွှတ်တော်က လက်ခံခြင်း မရှိခဲ့ပေ။ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ဆက်သွယ်ရေး ဥပဒေဖြင့် တရားစွဲခံရမှု ၇ မှု ရှိခဲ့သော်လည်း လက်ရှိအစိုးရ လက်ထက်တွင် တရားရုံးတင်တရားစွဲဆိုခံရသည့် အမှုပေါင်း ၆၃ မှုအထိ မြင့်တက်လာခဲ့ကြောင်း ယင်း ၆၃ မှုတွင် တပ်မတော်က တရားစွဲခဲ့သောအမှု ၇ မှု၊ NLD ပါတီက တရားစွဲခဲ့သောအမှု ၆ မှု နှင့်နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ကြားလူများက တရားစွဲခဲ့သောအမှု ၈ မှု၊ သတင်းမီဒီယာသမားများအပေါ် တရားစွဲဆိုမှု ၁၀ မှုအထိ ရှိနေပြီး သတင်းသမား ၁၇ ဦး တရားရင်ဆိုင်နေရကြောင်း ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသနအဖွဲ့ထံမှ သိရသည်။
Source : https://goo.gl/7nuSib
via IFTTT

No comments:

Post a Comment