စင်ကာပူနိုင်ငံမှ Byte Academy ကွန်ပျူတာပရိုဂရမ် သင်တန်းကျောင်း ပိတ်သိမ်း စင်ကာပူ၊ ဇွန် ၂၂ နယူးယောက်အခြေစိုက် ကွန်ပျူတာ ပရိုဂရမ်ရေးနည်း သင်တန်းကျောင်းတစ်ကျောင်း ဖြစ်သည့် Byte Academy သည် စင်ကာပူနိုင်ငံတွင် ပရိုဂရမ်ရေးနည်း သင်တန်းများကို ဖွင့်လှစ်လျက် ရှိရာမှ သင်တန်းများကို ရပ်စဲပိတ်သိမ်းလိုက်ကြောင်း The Straits Times သတင်းတွင် ဖော်ပြထားသည်။ Byte Academy ပရိုရေးနည်း သင်တန်းကျောင်းကို ယမန်နှစ် နိုဝင်ဘာလက စတင်ပြီး စင်ကာပူနိုင်ငံတွင် လာရောက်ဖွင့်လှစ်ထားခြင်း ဖြစ်သော်လည်း ခြောက်လကျော် အကြာတွင် ပိတ်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။ ၂၀၁၆ ခုနှစ် မတ်လကစတင်ပြီး Byte Academy ကျောင်းသည် စင်ကာပူနိုင်ငံ ပုဂ္ဂလိက ပညာရေးကော်မတီ (CPE) တွင် မှတ်ပုံတင်ထားပြီး ဖြစ်ကာ၊ Tri5 Ventures ကုမ္ပဏီက ဒေါ်လာသုံးသန်းကျော် ရင်းနှီးမြှုပ်နှံပေးပြီး ထူထောင်ထားသည့် ပုဂ္ဂလိကကျောင်းတစ်ကျောင်း ဖြစ်သည်။ ကျောင်းပိတ်ရခြင်းအကြောင်းမှာ အမေရိကန်ပြည်ထောင်စုရှိ Byte Academy နှင့် Tri5 Venture အဖွဲ့တို့ကြားတွင် သဘောထားကွဲလွဲမှုများ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း The Straits Times သတင်းတွင် ရေးသားထားသည်။ Byte Academy ကျောင်းအနေဖြင့် ပိတ်သိမ်းကြောင်း ကြေညာပြီးနောက် ကျောင်းသားကျောင်းသူများထံက လက်ခံထားသည့် ငွေကြေးများအားလုံးကို ပြန်လည်ထုတ်ပေးနေပြီ ဖြစ်သည်။ Byte Academy အနေဖြင့် စင်ကာပူနိုင်ငံတွင် ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပရိုဂရမ်မာပေါင်း ၂၀၀၀ ကျော် မွေးထုတ်ပေးရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ၊ သူတို့သင်တန်းကို အချိန်ပြည့် ၁၂ ပတ်သင်တန်းပေး၍ ဘွဲ့တစ်ခုရပြီးနောက် ၆ လအတွင်း အလုပ်အကိုင် ရရှိနိုင်ကြောင်း အာမခံဖြင့် သင်ကြားပေးနေသည့် သင်တန်းလည်း ဖြစ်သည်။ ယမန်နှစ်က ထိုကျောင်းကို ဖွင့်လှစ်ရာတွင် ဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ ဂျနေးလ် ပူသူချာရီက်ိုယ်တိုင် တက်ရောက်ပြီး Byte Academy ကျောင်းကို အောင်မြင်စေလိုကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အိုင်စီတီပညာရှင်များစွာ လိုအပ်နေကြောင်း အမှာစကား ပြောကြားပေးခဲ့သည်။ Tri5 ကုမ္ပဏီကမူ စင်ကာပူနိုင်ငံတွင် အိုင်တီပညာရှင်များ၊ ပရိုဂရမ်မာများ ပေါ်ထွန်းရေးအတွက် မိမိတို့ အနေနှင့် ဆက်လက် ကြိုးပမ်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကတိပေး ပြောကြားသည်။
Source : https://goo.gl/fPwJwj
via IFTTT
No comments:
Post a Comment