Monday, June 19, 2017

DVB TV News

ထောင်ကျအကျဉ်းသူ တက္ကသိုလ်ဝင်စာမေးပွဲ သုံးဘာသာဂုဏ်ထူး ပထမဆုံးအကြိမ်ရ ထောင်ဒဏ် ၁၀ နှစ်ကျခံနေရတဲ့ အကျဉ်းသူတစ်ယောက် အိုးဘိုအကျဉ်းထောင်ကနေ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုပြီး သုံးဘာသာ ဂုဏ်ထူးရခဲ့တယ်လို့ အကျဉ်းဦးစီးဌာနက ပြောပါတယ်။ “ဘောဂဗေဒ၊ ပထဝီနဲ့ သမိုင်း ဂုဏ်ထူးရတာပါ။ အရင်ကတော့ တစ်ဘာသာဂုဏ်ထူးတွေ ရဖူးပေမယ့် သုံးဘာသာရတာကတော့ ပထမဆုံး ဖြစ်ပါတယ်” လို့ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ဒီဗွီဘီကို ပြောပါတယ်။ အသက် ၁၉ နှစ်အရွယ် မအမြူး ခေါ် မရွှန်းလဲ့ဝေဟာ မူးယစ်ဆေးလက်ဝယ်တွေ့မှု ပုဒ်မ ၁၆ (ဂ) နဲ့ ထောင်ဒဏ် ၁၀ နှစ် ကျခံနေရတာပါ။ “တကယ်လို့ တက္ကသိုလ်ဆက်တက်မယ့်အချိန် ထောင်ကမလွတ်သေးရင် ဒီထဲကပဲ တက်နိုင်အောင် စီစဉ်ပေးမှာပါ။ ဒါကလည်း ၂၀၁၃ ကတည်းက ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းလုပ်ဆောင်နေတာပါ” လို့ ဦးမင်းထွန်းစိုးက ပြောပါတယ်။ အိုးဘိုထောင်ကနေ ဖြေဆိုသူ ၁၁ ယောက်မှာ ၇ ယောက် အောင်မြင်ပြီး တစ်ဘာသာဂုဏ်ထူးရှင် ၄ ယောက်ရှိပါတယ်။ အင်းစိန်ထောင်ကတော့ ၂၈ ယောက် ဖြေတာမှာ တစ်ဘာသာဂုဏ်ထူးရှင် တစ်ယောက်အပါအဝင် ၉ ယောက် အောင်မြင်တာပါ။ ၂၀၁၇ ခုနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူပေါင်း ၇၁၆၁၈၈ ယောက်ရှိပြီး ၂၄၂၇၃၆ ယောက် အောင်မြင်ခဲ့ပါတယ်။
Source : http://ift.tt/2seRlz7
via IFTTT

No comments:

Post a Comment