SME လုပ်ငန်းများ ဘဏ်ချေးငွေရရှိရေး ဧရာဝတီဘဏ်နှင့်ဆွေးနွေး ရန်ကုန်၊ ဇွန် ၁၇ အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အဓိက လိုအပ်သည့် ဘဏ်ချေးငွေ ရရှိရန်အတွက် ဇွန်လ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ မင်းရဲ ကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ်တွင် ဧရာဝတီဘဏ်မှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ပြည်တွင်း SME လုပ်ငန်းအများစုသည် အပေါင်ပစ္စည်းများကို အခြေခံပြီး ငွေကြေး ထောက်ပံ့မှု ရယူရသောကြောင့် အချို့လုပ်ငန်းများမှာ အပေါင်ပစ္စည်း မရှိသည့် အခက်အခဲများ တွေ့ကြုံလျက်ရှိကြောင်း၊ ယင်းအခက်အခဲများကို ဖြေရှင်းရန်အတွက် ငါးလုပ်ငန်း၊ နှမ်းစိုက်ပျိုးရေး၊ စက္ကူနှင့် ပျော့ဖတ်လုပ်ငန်း၊ ပလတ်စတစ်နှင့် ဆားလုပ်ငန်း၊ စက်သုံးဆီ လုပ်ငန်းနှင့် အသေးစား ငွေရေးကြေးရေး လုပ်ငန်းမှ တာဝန်ရှိသူများက လုပ်ငန်းလည်ပတ်ရာတွင် ဘဏ်ချေးငွေ လိုအပ်နေမှုများကို ဧရာဝတီဘဏ်မှ တာဝန်ရှိသူများထံ အသီးသီး တင်ပြခဲ့ကြသည်။ “SME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ဘဏ်ရဲ့ လုပ်ငန်းဆောင်တာကနေ လုပ်ပေးမှာပါ။ ဒါမှ တိုင်းပြည်တိုးတက်မှာပါ”ဟု ဧရာဝတီဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဇော်က ပြောကြားသည်။ ဧရာဝတီဘဏ်အနေနှင့် SME လုပ်ငန်းများအတွက် သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ဘဏ်ချေးငွေ ရရှိစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အထက်ပါ လုပ်ငန်းများမှ တာဝန်ရှိသူများက တင်ပြခဲ့သည်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် အသေးစိတ် ထပ်မံ ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
Source : https://goo.gl/xtwdM6
via IFTTT
No comments:
Post a Comment