Thursday, June 29, 2017

Eleven Media Group

ထိုင်းနိုင်ငံတွင် အလုပ်ရှင် အလုပ်သမားဆိုင်ရာ ဥပဒေ ပြောင်းလဲပြီးနောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ဆက်တိုက် ဖမ်းဆီးခံနေရ ထိုင်းနိုင်ငံတွင် အလုပ်ရှင်၊ အလုပ်သမားဆိုင်ရာဥပဒေ ပြောင်းလဲပြီးနောက် မြန်မာရွှေ့ပြောင်း လုပ်သားများ ဆက်တိုက် ဖမ်းဆီးခံနေရကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်း လုပ်သားများအရေး လုပ်ကိုင်သူများက ပြောကြားသည်။ အလုပ်ရှင်၊ အလုပ်သမားဆိုင်ရာ ဥပ​ဒေအား ပြင်ဆင်သတ်မှတ်ချက်​ကြောင့် တရားမဝင်၊ အ​ထောက်အထားမဲ့၊ အ​ထောက်အထား မစုံလင်သူ နိုင်ငံခြားသား အလုပ်သမားများအား ထိုင်းအစိုးရက ဖမ်းဆီးခြင်းဖြစ်ပြီး​ ဇူလိုင်လအတွင်း ဖမ်းဆီးမှု မြင့်တက်လာနိုင်ကြောင်း သိရသည်။ ​ “ဇွန်လ ၂၀ ရက်​နေ့ BE ၂၅၆၀ အလုပ်ရှင်၊​ အလုပ်သမားဆိုင်ရာဥပ​ဒေ ​ပြောင်းလဲ ကြေညာတဲ့​နောက် ဇွန် ၂၂ ရက်​ကစပြီး မြန်မာ​ရွှေ့ပြောင်း လုပ်သား ၁၀၀၀ ​ကျော်၊ လာအို၊ ဗီယက်နမ်၊ က​မ္ဘောဒီးယားစတဲ့ အလုပ်သမားတွေ ၄၀၀ ​ကျော် ဖမ်းဆီးခံခဲ့ရပြီး လာမည့် ဇူလိုင်လအတွင်းမှာ ဖမ်းဆီးမှုတွေ ကြီးကြီးမားမား ဆက်တိုက် ပြုလုပ်လာမှာ ဖြစ်တဲ့အတွက် ​နေရပ်ပြန် မြန်မာ​ရွှေ့ပြောင်း အလုပ်သမား​တွေကို ​ကောင်းမွန်တဲ့ လက်ခံကြိုဆိုမှုမျိုး မြန်မာနိုင်ငံဘက်က ပြင်ဆင်ဖို့ လိုအပ်ပါတယ်” ဟု မြန်မာပြည်သားများအ​ရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက​ ပြောကြားသည်။ ထိုင်းနိုင်ငံတွင် ဇွန် ၂၀ ရက်က အသစ်ထွက်ရှိခဲ့သည့် အလုပ်သမား နည်းဥပဒေသစ်အရ အထောက်အထားမဲ့ အလုပ်သမားများကို ခိုင်းစေသည့် အလုပ်ရှင် အပါဝင် အလုပ်သမားများကို ဖမ်းဆီးရမိပါက ဒဏ်ငွေအဖြစ် ထိုင်းဘတ်ငွေ လေးသိန်းမှ ရှစ်သိန်းအထိ ချမှတ်နိုင်ခြင်း၊ အလုပ်လုပ်ခွင့်မရှိဘဲ အလုပ်လုပ်ခြင်း (သို့) နိုင်ငံခြားသား အလုပ်သမားများကို တားမြစ်ထားသည့် အလုပ်များကို လုပ်ကိုင်သည့် အလုပ်သမားအား ထောင်ဒဏ်ငါးနှစ်ထက် မပိုသည့် ပြစ်ဒဏ် သို့မဟုတ် ဘတ်ငွေနှစ်ထောင်မှ တစ်သိန်းထိရှိသည့် ဒဏ်ကြေးငွေကို ချမှတ်ခွင့်ရှိပြီး ပြစ်ဒဏ်နှစ်မျိုးလုံးကို ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှလည်း ထိုင်းနိုင်ငံ အတွင်းရှိ မြန်မာရွှေ့ပြောင်း လုပ်သားများ သိစေရန်အတွက် ထုတ်ပြန်ထားသည့် အသိပေးချက်တွင် အထောက်အထား ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား အားလုံးသည် မိမိလက်ရှိ လုပ်ကိုင်နေသော လုပ်ငန်းရှင်နှင့် အလုပ်လုပ်ခွင့်ပါမစ် ပြုလုပ်ထားရန်၊ အလုပ်ရှင်နှင့် မိမိကိုင်ဆောင်ထားသည့် အလုပ်လုပ်ခွင့်ပါမစ်ရှိ အလုပ်ရှင် မတူညီပါက သက်ဆိုင်ရာ အလုပ်သမားရုံးသို့ သွားရောက် ပြောင်းလဲထားရန်နှင့် အထောက်အထား လုံးဝမရှိသည့် မြန်မာနိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံသို့ပြန်ရန် တိုက်တွန်းထားသည်။ လက်ရှိအခြေအနေများအရ ထိုင်းနိုင်ငံရှိ အလုပ်ရုံ၊ စက်ရုံများရှိ မြန်မာအပါအဝင် အခြားနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများကို ထိုင်းအာဏာပိုင်များက လုပ်ငန်းခွင်အတွင်း ဝင်ရောက်စစ်ဆေးကာ ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအရာရှိ ဦးမိုးအောင်ခိုင်က “လက်ရှိအခြေအနေက သိပ်မဆိုးသေးပါဘူး။ ဩဂုတ်လကျမှ သူတို့စမှာပါ။ အထောက်အထား ဘာမှမရှိရင် ပြန်ရမယ်လို့ ကျွန်တော်တို့ ပြောထားတယ်။ အထောက်အထားက ဘာမှမရှိဘူးလေ။ တရားမဝင်လာတာကိုး။ ဘာမှလုပ်ပေးလို့မရဘူး။ အထောက်အထား မရှိရင် ပြန်ဖို့ပြောထားပြီးပြီ။ အထောက်အထား လွဲနေရင် ပြန်တည့်ဖို့ ကျွန်တော်တို့ ပြောထားပြီးပြီ။ အလုပ်လုပ်ခွင့်ပါမစ် လွဲနေရင် ပြန်တည့်ဖို့ ကျွန်တော်တို့ ပြောထားပြီးပါပြီ။ အခုက အနည်းအကျဉ်း စပြီးလုပ်နေတာပေါ့” ဟု ပြောကြားသည်။ မြန်မာအစိုးရ အနေဖြင့် ထိုင်းအစိုးရထံ​ ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်ပြီး လိုအပ်ချက်များကိုလည်း​ တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေသူများက ​ဆိုသည်။ “အလုပ်သမား​တွေအ​နေနဲ့ အလုပ်ရှင်သူ​ဌေး လွဲ​နေတာ၊ အလုပ်​နေရာ လွဲ​နေတာ သိန်းနဲ့ချီရှိ​နေတဲ့ အလုပ်သမား​တွေကို ပြန်လည်တည့်မတ်ဖို့၊ အကန့်အသတ် သတ်မှတ်ချက် တစ်ခု​ပေးဖို့ ၊​ဖြေ​လျှော့​ပေးဖို့ မြန်မာအစိုးရ အ​နေနဲ့ ထိုင်းအစိုးရထံကို ​မေတ္တာရပ်ခံ ပန်ကြား​ပေးဖို့ ​တောင်းဆိုချင်တယ်။ ပြီးတော့ အထောက်အထားမဲ့ အလုပ်သမား​တွေ နေရပ်ပြန်နိုင်ဖို့ နှစ်လ၊ သုံးလ အချိန်တစ်ခု သတ်မှတ်​ပေးဖို့ မြန်မာအစိုးရဘက်က ပန်ကြား​ပေးဖို့ကိုလည်း ​တောင်းဆိုချင်ပါတယ်” ဟု ဦးမိုးကြိုးက ​ပြောကြားသည်။ Writer: ဉာဏ်ဝင်းရှိန်၊ ရွှေသိန်း (မြဝတီ)
Source : http://ift.tt/2u0lWiV
via IFTTT

No comments:

Post a Comment