Thursday, June 29, 2017

The Voice

ယခုပညာသင်နှစ်တွင် ဆေးတက္ကသိုလ် ကျောင်းသား ကျောင်းသူဦးရေ ၁၅၀ဝ လက်ခံမည် ရန်ကုန်၊ ဇွန် ၂၈ ယခုတက္ကသိုလ် ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်များ၌ ကျောင်းသား၊ ကျောင်းသူဦးရေ ၁၅၀ဝ ခန့် ခေါ်ယူရန် လျာထားထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရှိရသည်။ ဆေးတက္ကသိုလ် ပထမနှစ်သင်တန်းအတွက် ဆေးတက္ကသိုလ် (၁)၊ ဆေးတက္ကသိုလ် (၂)၊ ဆေးတက္ကသိုလ် (မန္တလေး)၊ ဆေး တက္ကသိုလ် (မကွေး) နှင့် ဆေးတက္ကသိုလ် (တောင်ကြီး) တို့တွင် ကျောင်းသားကျောင်းသူ အရေအတွက် အချိုးညီ ခေါ်ယူမှာဖြစ်ကြောင်း ရန်ကုန်၊ ဆေးတက္ကသိုလ် (၁)မှ ပါမောက္ခချုပ် ပါမောက္ခ ဇော်ဝေစိုးက ပြောကြားသည်။ “ပုံမှန်ခေါ်တာကတော့ ၁၅၀ဝ ပေါ့။ ကျွန်တော်တို့ အခုတွေ့နေရတာက ဒီဝင်ခွင့်တွေ အားလုံး ဖြတ်ပြီးတဲ့နောက်မှာ အကြောင်း အမျိုးမျိုးကြောင့် နောက်ကျတာတို့၊ လျှောက်လွှာ နောက်ကျမှုတွေတို့ကြောင့် ထပ်ပြီးတော့ ကျောင်းသား ၅၀၊ ၁၀ဝ ဟာ နောက်ထပ် ဝင်လာတာမျိုးလည်း ရှိတယ်။ အကြမ်းဖျင်းအားဖြင့် ဒီနှစ်လည်း ၁၅၀ဝ လောက် လက်ခံဖို့ လုပ်ထားပါတယ်”ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် ဆေးတက္ကသိုလ်များ၏ ဝင်ခွင့်စနစ်များကို တက္ကသိုလ်ဝင် စာမေးပွဲရမှတ်တွေအပေါ် အခြေခံပြီး ကျောင်းဝင်ခွင့်ပြုသည့်စနစ်ကို ပြောင်းလဲရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း၊ ပညာရေးမူအရ ကျင့်သုံးမှုမပြုမီ တစ်နှစ်ကြိုတင် အသိပေးမည်ဖြစ်ကြောင်း ဒေါက်တာ ဇော်ဝေစိုးက ထပ်မံ ပြောကြားသည်။ ဆေးတက္ကသိုလ်ဝင်ခွင့်စနစ်နှင့် ပတ်သက်ပြီး နိုင်ငံတကာအဆင့် ဆေးပညာ သင်ကြားရေးအဖြစ် အသက်သွင်းရန် အရည်အသွေး သတ်မှတ်ချက်များ လိုအပ်နေပြီး ယင်းသတ်မှတ်ချက်များနှင့် ညီမျှရန်အတွက် ကျောင်းသား ရွေးချယ်ရာတွင် တက္ကသိုလ်စာမေးပွဲ ရမှတ်တစ်ခုတည်းဖြင့် ရွေးချယ်၍မရကြောင်း၊ နိုင်ငံတကာ ရွေးချယ်ရေးမူဖြင့် ညီရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။ အဆိုပါ ဆေးတက္ကသိုလ်ဝင်ခွင့် စနစ် ပြောင်းလဲရေးအတွက် ဆွေးနွေးလျက်ရှိရာ ပြောင်းလဲမည့်စနစ်သစ်ကို တက္ကသိုလ်ဝင်တန်း စာမေးပွဲ အမှတ်စာရင်း ၈၀ ရာခိုင်နှုန်းနှင့် ကျန်ရှိသည့် ၂၀ ရာခိုင်နှုန်းကို ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံကာ မေးမြန်းမည့်ပုံစံအဖြစ် လတ်တလော ဆွေးနွေးထားကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။ ဆေးတက္ကသိုလ် ဝင်ခွင့်ရရန်အတွက် အမှတ် ကန့်သတ်မှုကို သတ်မှတ်ခြင်းမပြုဘဲ လျှောက်ထားသည့် ကျောင်းသား ကျောင်းသူများထဲမှ အမှတ် အများဆုံး ကျောင်းသား၊ ကျောင်းသူဦးရေ ၁၅၀ဝ ကို ရွေးချယ်ပြီး ခေါ်ယူခြင်းဖြစ်သည်။ ယခင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ဆေးတက္ကသိုလ် ဝင်ခွင့်ရမှတ်အဖြစ် ကျောင်းသားများကို ၄၉၀ ခန့်နှင့် ကျောင်းသူများကို ၅၀ဝ ကျော်ဖြင့် ဝင်ခွင့်ရခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ဦးရေ ၅၀ ရာခိုင်နှုန်းစီ လက်ခံခဲ့ခြင်းဖြစ်သည်။
Source : https://goo.gl/nmFtWD
via IFTTT

No comments:

Post a Comment