Thursday, June 22, 2017

The Irrawaddy - Burmese Edition

ရန်ကုန်အပါအဝင် နေရာ ၁၁ ခုတွင် ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် စီစဉ်နေ လာမည့် အနှစ် ၃၀ အတွင်း တနိုင်ငံလုံး လျှပ်စစ် ထုပ်လုပ်မှု ၃၃ ရာခိုင်နှုန်းအား ကျောက်မီးသွေး လောင်စာမှ ထုတ်လုပ် သွားနိုင်ရန် အတွက် ပြည်ထောင်စု လျှပ်စစ်ဝန်ကြီးဌာနမှ မူဝါဒ ချမှတ် ဆောင်ရွက်နေပြီး ရန်ကုန်၊ ဧရာဝတီ ကရင်ပြည်နယ် အပါအဝင် နေရာ ၁၁ ခု၌ ကျောက်မီးသွေး လျှပ်စစ် ဓာတ်အားပေး စက်ရုံ တည်ဆောက် သွားရန် ခွင့်ပြုထားကြောင်း ကရင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး ဦးစိုးလှိုင်က ဧရာဝတီသို့ အတည်ပြု ပြောသည်။ “လျှပ်စစ် ဌာနရဲ့ ထုတ်ပြန်ချက် အရဆိုရင် နှစ်စဉ် ၄၀၀ နဲ့ ၅၀၀ မဂ္ဂါဝပ်လောက် လိုအပ်ချက် ရှိတယ်။ လျှပ်စစ်က နှစ်စဉ် အမြဲတမ်းကို ၁၅ ရာခိုင်နှုန်းလောက် တိုးတက် သုံးစွဲ လာတဲ့ အတွက်ကြောင့်၊ နောက်ထပ် Generation မရှိဘူး ဆိုရင် တဖြည်းဖြည်း Shortage ဖြစ်လာပြီးတော့ ပြည်သူတွေ ဒုက္ခ ရောက်လာမယ်၊ ကိုယ့်ပြည်နယ်နဲ့ တိုင်းအတွင်းမှာ ဘယ်လိုနည်းနဲ့ ထုတ်ထုတ်ပေါ့၊ နိုင်ငံတော်ကို လျှပ်စစ်ဓါတ်အား ထောက်ပံ့ ပေးနိုင်ရင် နိုင်ငံတော် တိုးတက် လာမှာပေါ့” ဟု ဦးစိုးလှိုင်က ပြောသည်။ လက်ရှိ၌ ကရင်ပြည်နယ် အတွင်းတွင် Toyo- Thai ကုမ္ပဏီမှ အဆိုပြု ထားသည့် မဂ္ဂါဝပ် ၁၂၈၀ ထုတ် ကျောက်မီသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး စက်ရုံ တည်ဆောက်ရန် အတွက် ကနဦး ဆန်းစစ်ချက် လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် အတွက် ပြည်နယ် အစိုးရမှ စတင်ခွင့်ပြုထားကာ ယခု ၂၀၁၇ နှစ်ကုန် အထိ ၎င်းအား ခွင့်ပြုထားကြောင်း သိရသည်။ ထိုကနဦး ဆန်းစစ်ချက် လုပ်ငန်းစဉ် များ၌ လုပ်ငန်းလုပ်ဆောင်ရန် အခြေခံ လိုအပ်ချက်၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ဆိုင်ရာ ဆန်းစစ်ချက်နှင့် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ စီမံကိန်း အကြောင်း ဒေသခံ များအား ရှင်းလင်း တင်ပြခြင်းနှင့် သဘောထား ရယူခြင်း တို့အား ဆောက်ရွက် နေကြောင်း Toyo – Thai ကုမ္ပဏီ၏ ဘားအံကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေး စက်ရုံ စီမံကိန်း မန်နေဂျာ ဦးထက်အောင်မွန်က ဧရာဝတီသို့ ရှင်းပြ ပြောဆိုသည်။ စီမံကိန်း မန်နေဂျာ ဦးထက်အောင်မွန်က “စီမံကိန်းက ဘယ်တော့လောက် စမလဲ ဆိုတာတော့ ကျနော်တို့ မပြောနိုင် သေးပါဘူး၊ အခုက ဖြစ်နိုင်ခြေ ရှိ၊ မရှိ လေ့လာ ဆန်းစစ်တဲ့ အဆင့်ပဲ ရှိပါသေးတယ်၊ ကျနော်တို့ အဘက်ဘက်က လေ့လာ ဆန်းစစ်မှုတွေ အရ ဖြစ်နိုင်တယ် ဆိုတော့မှ စီမံကိန်း အကောင်အထည် ဖော်ဆောင်မယ့် အဆင့်ကို လုပ်ဆောင်သွားပါမယ်” ဟု ပြောသည်။ ၎င်းစီမံကိန်းအား ဘားအံ- ကမမောင်း ဒေသကြား သင့်တော်သည့် နေရာဒေသ၌ တည်ဆောက် သွားရန် စီစဉ် ထားပြီး လက်ရှိတွင် စီမံကိန်း နေရာ၊ မြေဧရိယာ အသုံးပြုမှုနှင့် ပမာဏအား ကြိုတင် သုံးသပ်၍ မရနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။ Toyo – Thai ကုမ္ပဏီမှ ၎င်းကျောက်မီးသွေး လျှပ်စစ်ဓါတ်အားထုတ် စက်ရုံအတွက် အင်ဒိုနီးရှားနှင့် သြစတေးလျ နိုင်ငံတို့မှ ကျောက်မီးသွေး များကို အသုံးပြုသွားမည် ဖြစ်ကာ Ultra-Supercritical ကျောက်မီးသွေး သန့်စင်သည့် ဂျပန် နည်းပညာ အသုံးပြုသွားမည် ဖြစ်သောကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိကြောင်းလည်း ၎င်းကဆိုသည်။ “ကျောက်မီးသွေးစက်ရုံ တခုနဲ့တခု အဆင့်မြင့်တာနဲ့ မမြင့်တာ ကွာခြားတယ်၊ အဓိက ကတော့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ အမှုန်၊ အမွှားတွေ ၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက် စေတဲ့ ဆာလဖာ ဒိုင်အောက်ဆိုဒ်တွေ၊ နိုက်ထရိုဂျင် အောက်ဆိုဒ်တို့ကို ပြန်လည် ဖယ်ရှားတဲ့ Environmental Friendly Facility သဘာဝ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်စေတဲ့ စနစ်တွေ ထပ်မံ တပ်ဆင် ထားတဲ့ အတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ဆိုတာကတော့ စိုးရိမ်စရာ မရှိဘူး” ဟု ဦးထက်အောင်မွန်က ရှင်းပြသည်။ သို့သော် ဇွန်လ ၂၁ ရက်နေ့၌ ထုတ်ပြန်သည့် တနိုင်ငံလုံးရှိ အရပ်ဖက် လူမှုအဖွဲ့အစည်းပေါင်း ၁၁၄ ဖွဲ့ တို့၏ စီမံကိန်း ကန့်ကွက် ရှူတ်ချ စာတွင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်နစ်နာမှု မရှိကြောင်း ကုမ္ပဏီ၏ အကြောင်းပြချက်မှာ မိဘ ပြည်သူလူထု များအား လိမ်လည်သော စည်းရုံးလှုံ့ဆော်မှုသာ ဖြစ်ကြောင်း ပြောဆိုထားသည်။ “လူထုနဲ့ တွေ့ဆုံပွဲမှာ ကုမ္ပဏီဘက်က သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိပဲ ၁၀၀ ရာခိုင်နှုန်း ထက်တောင် ကျော်ပြီးတော့ ထိခိုက်မှု မရှိဘူး ဆိုပြီးတော့မှ အဲဒီ စကားလုံး သူတို့ သုံးသွားတယ်။ တကယ်တော့ ပြည်သူလူထုကို လိမ်လည်လှည့်ဖျား တာပဲ၊ Clean Coal ဆိုတာ နည်းပညာပဲ၊ ပတ်ဝန်းကျင် ထိခိုက်မှုကတော့ ရှိတယ်” ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည့် အရပ်ဖက် အစည်းတခုမှ ပြောရေး ဆိုခွင့် ရှိသူ ကိုစောသာဘိုးမှ ဧရာဝတီသို့ သုံးသပ် ပြောကြားသည်။ Toyo-Thai ကုမ္ပဏီ တာဝန်ရှိသူများမှ ဇွန်လ ၁၉ ရက်နေ့၌ ကရင်ပြည်နယ် ကမမောင်းအနီးရှိ ဝတ်ကြီး ကျေးရွာ၌ လည်းကောင်း ၊ ၂၀ ရက်နေ့တွင် ဥဒေါင်း ကျေးရွာ၌ လည်းကောင်း ကျေးရွာ အဆင့် လူထုရှင်းလင်းပွဲ ၂ နေရာ ပြုလုပ်ခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့တွင် လှိုင်းဘွဲ့၊ ဘားအံ မြို့နယ်အဆင့် လူထု ရှင်းလင်းပွဲအား ဘားအံမြို့ရှိ ဇွဲကပင် ခန်းမ၌ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ စီမံကိန်းအား ၂၀၁၈ နှစ်ဆန်း၌ စတင် ဆောက်လုပ်ခွင့် ရရန် ကုမ္ပဏီမှ လျာထားကြောင်း ကရင်ပြည်နယ် လျှပ်စစ်နှင့် စက်မှု ဝန်ကြီးဌာန ဦးစိုးလှိုင်က ပြောသည်။ ယင်းကုမ္ပဏီ အနေဖြင့် လျာထားသည့် ၁၂၈၀ မဂ္ဂါဝပ်အား အစိုးရ မဟာ ဓာတ်အားလိုင်း လက်ခံနိုင်သည့် အခြေအနေအရ ထုတ်လုပ်ပေးမည် ဖြစ်ပြီး တဆင့်ခြင်း တိုးတက် ထုတ်လုပ် သွားရန် စီစဉ် ထားကြောင်း သိရသည်။ မွန်ပြည်နယ် ရေးမြို့နယ် အတွင်းရှိ အံဒင် ကျေးရွာ၌လည်း မဂ္ဂါဝပ် ၁၂၈၀ ထုတ်မည့် ကျောက်မီးသွေး လျှပ်စစ် ဓာတ်အား ပေး စက်ရုံ စီမံကိန်း တခုအား Toyo-Thai ကုမ္ပဏီမှ ၂၀၁၄ ခုနှစ် ခန့်တွင် အကောင်အထည် ဖော်ရန် ကြိုးပမ်း ခဲ့သော်လည်း ဒေသခံများ ကန့်ကွက်မှုကြောင့် ယနေ့အထိ ဆိုင်းငံ့ထားခဲ့ရသည်။
Source : https://goo.gl/HjFR8K
via IFTTT

No comments:

Post a Comment