Tuesday, June 20, 2017

The Irrawaddy - Burmese Edition

အကြမ်းဖက်ခံ အမျိုးသမီးများ ဖုန်းဆက်တိုင်ပါက အိမ်အရောက် ဖြေရှင်းပေးနေ ပြည်တွင်းရှိ အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကြုံတွေ့ရပါက အမျိုးသမီး များ ဖွံ့ဖြိုးတိုးတက်မှုဌာနထံသို့ ဖုန်းဆက် တိုင်ကြားနိုင်ပြီး တပတ်အတွင်း အိမ်တိုင်ရာရောက် လာရောက်ကာ လိုအပ် သည်များကို ကူညီဆောင်ရွက်ပေးနေကြောင်း သတင်းရရှိသည်။ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှုဌာနသည် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အောက်မှ ဌာနခွဲတခု ဖြစ်သည်။ တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များမှာ ၀၆၇-၄၀၄၆၆၆ နှင့် ၀၆၇-၄၀၄၇၇၇ တို့ဖြစ်ပြီး ဖုန်းလက်ခံ နားထောင်ပေးမည့် သူများကို ၂၄ နာရီ အလှည့်ကျ တာဝန်ပေးထားသဖြင့် အချိန်မရွေး ဖုန်းခေါ်ဆို တိုင်ကြားနိုင်သည်ဟု အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၏ ညွှန်ကြားရေးမှူး ဒေါ်နော်သာဝါးက ဧရာဝတီကို ပြောသည်။ ဒေါ်နော်သာဝါးက “အမျိုးသမီးတွေ အကြမ်းဖက်ခံရတယ်ဆိုရင် ကျမတို့ရဲ့ဖုန်းကို အကူအညီတောင်းခံပါ။ ဖုန်းကိုင်တဲ့ သူက အမျိုးသား ဖြစ်နေလို့ Detail Information မပေးချင်ဘူးဆိုရင် ဖုန်းနံပါတ်လေး ချန်ထားခဲ့ပါ။ ကျမတို့ လူတိုင်း ကို ပြန်ဆက်သွယ်ပါတယ်။ မည်သူမဆို၊ မည်သည့်ဒေသမှာနေတဲ့ အမျိုးသမီးမဆို လှမ်းတိုင်လိုက်ပါ။ အကုန်လုံးကို ကူညီပေးနိုင်ပါတယ်” ဟု ပြောသည်။ ဖုန်းလက်ခံဖြေကြားပေးမည့်သူများကို ၂၄ နာရီ အလှည့်ကျ တာဝန်ချထားသဖြင့် ညပိုင်းတွင် အမျိုးသားဝန်ထမ်းများ ကျနိုင်ကြောင်း၊ ထို့ကြောင့် ဖြစ်စဉ်ကို အမျိုးသားဝန်ထမ်းများအား မပြောပြလိုပါက ဖုန်းနံပါတ်ချန်ထားခဲ့နိုင်ကြောင်း၊ ချန်ထားခဲ့သည့် ဖုန်းနံပါတ်များကို အမျိုးသမီးဖွံ့ဖြိုးရေးဌာနမှ အမျိုးသမီးတာဝန်ရှိသူများက ပြန်လည် ဆက်သွယ်ပေး ကြောင်း သိရသည်။ ယင်းသို့ ဖုန်းဖြင့် တိုင်ကြားနိုင်သည့် အစီအစဉ်ကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလက စတင်ခဲ့ခြင်းဖြစ်ပြီး ယနေ့ထိ တိုင်ကြားမှုပေါင်း ၈၀ ကျော် ရှိသည်ဟု သိရသည်။ တိုင်ကြားချက် ရရှိပါက တပတ်အတွင်း အိမ်တိုင်ရာရောက် လာရောက် တွေ့ဆုံကာ အိမ်တွင်း အကြမ်းဖက်ခံရခြင်း (သို့) လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည့် အမျိုးသမီးက တရားစွဲလိုပါက စွဲဆိုပေးပြီး ဆေးကုသမှု ခံယူလိုပါ ကလည်း ဆေးကုသပေးကြောင်း အိမ်အကူ အမျိုးသမီးငယ်များ အကြမ်းဖက်ခံရသဖြင့် တရားစွဲဆိုလိုသော်လည်း စွဲဆိုပေးမည့် သူမရှိပါက ၎င်းတို့က တရားလိုလုပ်ပြီး တရားစွဲဆိုပေးကြောင်း ဒေါ်နော်သာဝါးက ဆိုသည်။ “တချို့ကတော့ တိုင်ချက် မဖွင့်ချင်ဘူး။ ဒီအတိုင်း ဆေးကုသမှုခံယူချင်တယ်ဆိုရင် ဆေးကုသမှု လုပ်ပေးပါတယ်။ အရင်တုန်းက ဆိုရင် ရဲစာပါမှ ဆေးကုပေးတာ။ အခု အဲဒါမျိုး မဟုတ်ဘဲ အမှုဖွင့်ချင်သည်ဖြစ်စေ မဖွင့်ချင်သည်ဖြစ်စေ ဆေးကုသခွင့်ကို Emergency Respond အနေနဲ့ ရရှိဖို့ အခု ဆွေးနွေးနေတယ်။ မကြာခင် ထွက်ရှိလာမှာပါ” ဟုလည်း ပြောသည်။ အမျိုးသမီးများ ဖွံံ့ဖြိုးတိုးတက်မှုဌာနက အကြမ်းဖက်ခံရသည့် အမျိုးသမီးများကို အိမ်တိုင်ရာရောက် ကူညီနိုင်ရန် တာဝန်ခံများ (Case Manager) ခန့်အပ်ထားသည်ဟုလည်း ၎င်းက ပြောသည်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန တို့ကို ချိတ်ဆက်ထားပြီး အကြမ်းဖက်ခံ အမျိုးသမီးများအား ဆေးကုသရန် လွှဲပြောင်းပေးကာ ၎င်းတို့၏ ဆေးကုသမှု နှင့် မှတ်တမ်းအားလုံးတို့ကို လျှို့ဝှက် ( Confidential ) အဖြစ် သိမ်းဆည်းပေးထားမည်ဖြစ်ကြောင်း သိရသည်။ သို့သော် တိုင်းရင်းသားဒေသများရှိ အရပ်ဘက် အဖွဲ့အစည်းများကမူ အစိုးရအနေဖြင့် ပဋိပက္ခဒေသအတွင်း အကြမ်းဖက်ခံရသည့် အမျိုးသမီးများအပေါ် ကူညီပေးခြင်းမရှိသေးဟု ဝေဖန်မှုများ ရှိနေသည်။ ကချင်ငြိမ်းချမ်းရေးကွန်ရက်၊ ထွယ်ဂျန်ဒါ နှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းတို့က ပဋိပက္ခဖြစ်စဉ်အတွင်း အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပြီးသတ် ဖယ်ရှားရေး အပြည်ပြည်ဆိုုင်ရာ အထိမ်းအမှတ်နေ့ဖြစ်သည့် ဇွန်လ ၁၉ ရက်တွင် သဘောထား မှတ်ချက်တစောင် ထုတ်ပြန်ခဲ့သည်။ ထိုအထဲတွင် ကချင်ပြည်နယ်ကဲ့သို့ ပဋိပက္ခဒေသအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ အဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို အစိုးရက ပြုလုပ်ပေးရန်၊ ထို့ပြင် ဖုန်းဖြင့်ဖြစ်စေ လူကိုယ်တိုင် ဖြစ်စေ တိုင်ကြားနိုင်သည့် နေရာများ ထားရှိပေးရန် တောင်းဆိုထားသည် ။ ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက “လူမှုဝန်ထမ်းတို့ လူကယ်ပြန်တို့က ဘတ်ဂျက်တွေ ချပြီး ဒီကိစ္စတွေ အတွက် ဆောင်ရွက်တယ်ဆိုတာ ကျမတို့ နယ်တွေမှာ မရှိသလောက် ဖြစ်နေတယ်။ လောလောဆယ် အဲဒါကို ကိုင်တွယ်တဲ့ ဝန်ကြီးဌာနမှာ ဒီအစီအစဉ်တွေကို မတွေ့သလို ဆောင်ရွက်မှုကိုလည်း မတွေ့ရပါဘူး” ဟု ပြောသည်။ အစိုးရဌာနများက ဆောင်ရွက်နေသည်ဟု ပြောဆိုသော်လည်း လက်ရှိတွင် ပဋိပက္ခဒေသအတွင်း အမျိုးသမီးတဦး အကြမ်းဖက်ခံလိုက်ရပါက နောက်ဆက်တွဲပြဿနာဖြစ်သည့် ကိုယ်ဝန်မရရှိရေး၊ သန္ဓေတားဆေးကို ၇၂ နာရီအတွင်း ထိုးပေးရန်တို့ကို အစိုးရက ဆောင်ရွက်ပေးထားခြင်း မရှိသေးကြောင်း၊ ထို့ကြောင့် အဓမ္မပြုကျင့်ခံရမှုမှ ကလေး မွေးဖွားရခြင်း၊ ဖျက်ချကြခြင်းများ ဖြစ်ပွားနေကြောင်းလည်း ဒေါ်ခွန်ဂျာက ဆိုသည်။ အမျိုးသမီးများ အကြမ်းဖက်ခံရခြင်းမှ ကာကွယ် တားဆီးနိုင်ရန်၊ အကြမ်းဖက်သူများကိုလည်း ဥပဒေဖြင့် အရေးယူ နိုင်ရန် အစိုးရတခုတည်းမှ မဟုတ်ဘဲ ပြည်သူလူထု၊ အရပ်ဘက်အဖွဲ့အစည်း အားလုံးတို့နှင့်လည်း တိုင်ပင် ဆွေးနွေး သင့်သည်ဟု ၎င်းက ပြောသည်။ ဒေါ်နော်သာဝါးကမူ ၎င်းတို့ဌာနအနေဖြင့် အကြမ်းဖက်ခံ အမျိုးသမီးများကို ကူညီရန် ၂၀၁၇-၁၈ အတွက် အစိုးရထံ ဘတ်ဂျက်တောင်းခံရာ လုံလုံလောက်လောက် ရရှိထားကြောင်း၊ ထို့ကြောင့် အမျိုးသမီးများ အကြမ်းဖက်ခံရပါက ဖုန်းဖြင့် ဆက်သွယ်တိုင်ကြားပေးရန်နှင့် မည်သည့်ဒေသတွင် ရှိသည့် အမျိုးသမီးထံကို မဆို တပတ်အတွင်း အရောက်လာပြီး ကူညီပေးမည်ဖြစ်ကြောင်း ပြောသည်။ ဘတ်ဂျက် ရရှိငွေကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။ ထို့ပြင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်နိုင်ရေးအတွက် ဥပဒေ ရေးဆွဲထားသည်မှာလည်း လွှတ်တော်သို့ မကြာမီ တင်သွင်းမည်ဟု ၎င်းက ဆိုသည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်တွင် တပ်မတော် ခမရ ၃၂၁ က ဖမ်းဆီးသွားပြီး ယနေ့ထိ ပျောက်ဆုံးနေ သည့် အိမ်ထောင်ရှင်မ ကချင်အမျိုးသမီး ဆွတ်လွတ်ရွယ်ဂျာ အမှု ၊ ၂၀၁၅ ခုနှစ် ဧပြီလ ၁၃ ရက်၊ မိုးမောက်မြို့နယ် တွင် လေဖြတ်ထားသည့် အသက် ၇၃ နှစ်အရွယ် အဘွားအိုကို တပ်မတော်သား ဇော်မျိုးအေးက မုဒိမ်းကျင့်ရန် ကြိုးစားခဲ့သည့် အမှု ၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင် ရှမ်းပြည်နယ်အတွင်း အကြမ်းဖက်ပြီး အသတ်ခံလိုက် ရသည့် ကချင်စေတနာ့ဝန်ထမ်း ဆရာမ ၂ဦးတို့ အမှုများမှာ ယနေ့ထိ ဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။ အဆိုပါ အမှုများတွင် မိသားစုဝင်များနှင့် ဘာသာရေးဆရာများ၊ တိုင်းရင်းသားအရပ်ဘက် အဖွဲ့အစည်းများကသာ တရားစွဲဆိုနိုင်ရေး လုပ်ဆောင်ခဲ့ပြီး အစိုးရအနေဖြင့် အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေး ခေါင်းစဉ်အောက်မှ ကူညီခဲ့ခြင်း မရှိပေ။
Source : https://goo.gl/CeXF62
via IFTTT

No comments:

Post a Comment