Monday, June 19, 2017

The Voice

နိုင်ငံကူးလက်မှတ်တွင် မျက်စိသူငယ်အိမ်မှတ်တမ်း ယခုနှစ်အတွင်း မှတ်တမ်းတင်မည် ရန်ကုန်၊ ဇွန် ၁၈ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)စာအုပ် ပြုလုပ်ရာတွင် နည်းပညာ လုံခြုံရေးအဆင့် မြှင့်သည့်အနေနှင့် သူငယ်အိမ် ဓာတ်ပုံမှတ်တမ်း (Iris Capture) ရယူခြင်းကို ယခုနှစ်အတွင်း စတင် လုပ်ဆောင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးထံမှ သိရသည်။ သူငယ်အိမ်ဓာတ်ပုံမှတ်တမ်း (Iris Capture) ရယူထားမည့် နည်းလမ်းကို ပြင်ပ နည်းပညာ ကုမ္ပဏီအချို့နှင့် ပူးပေါင်း လုပ်ဆောင်ရန် သဘောတူညီမှု ရရှိထားပြီး မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးမှ ထုတ်ပေးလျက်ရှိသော ပြည်ပ အလုပ်အကိုင် ပတ်စ်ပို့၊ ပညာသင်ခွင့် ပတ်စ်ပို့၊ ဘာသာရေးဆိုင်ရာ ပတ်စ်ပို့၊ အလည်အပတ်ဆိုင်ရာ ပတ်စ်ပို့ အပါအဝင် ပတ်စ်ပို့ အမျိုးအစား ခြောက်မျိုးလုံးတွင် ထည့်သွင်း မှတ်တမ်းတင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။ “ပတ်စ်ပို့ လုံခြုံရေး အဆင့်မြင့်တာပါ။ ကွန်ပျူတာစနစ်နဲ့ ချိတ်ဆက်ပြီးတော့ ပတ်စ်ပို့လျှောက်သူရဲ့ သူငယ်အိမ်ကို တိုက်ရိုက် မှတ်တမ်းရယူထားမယ့်နည်းပါ။ ဒီနှစ်ထဲတော့ စတင် ကျင့်သုံးနိုင်မှာပါ။ ဂျာမန်နည်းပညာ ကုမ္ပဏီတစ်ခုနဲ့ သဘောတူထားတယ်လို့ သိရတယ်”ဟု ၎င်းက ဆိုသည်။ ပတ်စ်ပို့များကို ယခင်က လက်ရေး လက်မှတ်ဖြင့် အဆင့်ဆင့် ရေးသွင်းကာ စာအုပ်များ ထုတ်ပေးနေသော်လည်း ၂၀၁၂ ခုနှစ်မှ စတင်ကာ ပတ်စ်ပို့စာအုပ်များတွင် နည်းပညာ အသုံးပြုကာ ဘားကုတ် ထည့်သွင်းခြင်း၊ ကိုယ်ရေး အချက်အလက် ရယူခြင်းနှင့် မျက်နှာဓာတ်ပုံရယူခြင်း အပါအဝင် လက် ၁၀ ချောင်းကို လက်ဗွေမှတ်တမ်း ရယူခြင်းများ လုပ်ဆောင်ခဲ့ပြီး လုပ်ငန်းစဉ် အားလုံးအတွက် ဂျာမနီနိုင်ငံ ထုတ်စက်ပစ္စည်းများ ဝယ်ယူ အသုံးပြုခဲ့ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးထံမှ သိရသည်။ လက်ရှိ ပတ်စ်ပို့စာအုပ်များကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်လက်အောက်ရှိ ငွေစက္ကူ ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုနေသော စက္ကူအမျိုးအစားဖြင့် ထုတ်လုပ် သုံးစွဲနေခြင်းဖြစ်ပြီး အဆိုပါ စက္ကူတွင် လုံခြုံရေး အမှတ်တံဆိပ်နှင့် စတစ်ကာ တံဆိပ်များ ထည့်သွင်း ဆောင်ရွက်ထားသည်။ “အတုအပ မပြုလုပ်နိုင်တဲ့ ပတ်စ်ပို့မျိုး ဖြစ်လာရင် ကောင်းတာပေါ့။ ဘာဖြစ်လို့ဆိုတော့ ပတ်စ်ပို့ဆိုတာလည်း ကိုယ့်နိုင်ငံရဲ့ အမှတ်အသားတစ်ခုပဲလေ”ဟု ကမာရွတ်မြို့နယ်၊ ဂျပန်စာသင်တန်းကျောင်းမှ ဆရာမတစ်ဦးက ဆိုသည်။ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ ပတ်စ်ပို့အရောင် သုံးမျိုးအနက် နိုင်ငံတော်အဆင့်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ နိုင်ငံတကာ သံတမန်ရေးရာ အဖွဲ့များကို အပြာရောင်၊ နိုင်ငံ့ဝန်ထမ်းများအတွက် အစိမ်းရောင်၊ သာမန်ပြည်သူများကိုမူ အနီရောင်ဟူ၍ ပတ်စ်ပို့စာအုပ် အရောင် ခွဲခြားသတ်မှတ် ထုတ်ပေးလျက် ရှိကြောင်း နိုင်ငံကူးလက်မှတ်ရုံးထံမှ သိရသည်။
Source : https://goo.gl/ieNZzR
via IFTTT

No comments:

Post a Comment