Friday, June 16, 2017

The Irrawaddy - Burmese Edition

စင်ကာပူရောက် တရားမဝင် မြန်မာအိမ်အကူများအတွက် တရားဝင် အထောက်အထားပြုလုပ်ပေးမည် မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ တရားမဝင် သွားရောက် လုပ်ကိုင်နေသော အိမ်အကူအလုပ်သမားများကို စာရင်းပြုစုပြီး တရားဝင်အသိအမှတ်ပြု အထောက်အထားများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်နွေဦးက ပြောသည်။ ဝန်ကြီးဌာန၏ တရားဝင်အသိအမှတ်ပြုမှုဖြင့် စင်ကာပူနိုင်ငံသို့ အိမ်အကူအလုပ်သမား ၁၃၀ ဦးရေသာပို့ထားသော်လည်း လက်ရှိတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသည့် အိမ်အကူအလုပ်သမား ၄၀၀၀၀ ခန့်ရှိနေ၍ ၎င်းတို့အား ကာကွယ်စောင့် ရှောက်ပေးနိုင်ရန်နှင့် ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ယနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ဇွန် ၁၆ ရက်တွင် ကျရောက်မည့် ၆ ကြိမ်မြောက် “အပြည်ပြည်ဆိုင်ရာ အိမ်အကူအလုပ်သမားများနေ့” အကြိုအခမ်းအနားတွင် ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဒေါ်ခင်နွေဦးက “ပထမဦးဆုံး ရှေ့လုပ်ငန်းစဉ်မှာ စာရင်းကောက်ချင်တာ။ ဘယ်သူတွေ ဘယ်နေရာမှာရှိလဲ။ လူအတိအကျ ဘယ်သူတွေရောက်နေတာလဲလို့ သိချင်တာ။ အဲဒါ အလုပ်သမားကို ကာကွယ်စောင့်ရှောက်ပေးချင်လို့။ စာရင်းပေါ်မှာ မူ တည်ပြီး ကျမတို့က ဘယ်လိုလုပ်ရမှာလဲဆိုတဲ့ စီမံချက်တွေ ရှိပြီးသားပါ။ ဒါကြောင့် နိုင်ငံခြားကို ရောက်နေတဲ့သူတွေ စာ ရင်းပေးပါ။ ပေးပြီးရင် အဲဒီလူတွေကို အထောက်အထားလုပ်ပေးမယ်။ ကျမတို့က အသိအမှတ်ပြုမယ်” ဟု ၎င်းက ပြော သည်။ အလုပ်သမားများကို ပို့ပေးသည့် အေဂျင်စီများ၊ ပွဲစားများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် လိုအပ်သကဲ့သို့ ဥပဒေ ချိုးဖောက်သည့် ပွဲစားများ၊ အေဂျင်စီများကိုလည်း အရေးယူသွားမည်ဖြစ်ကြောင်း၊ ယနေ့ အခမ်းအနားတွင် မြန်မာနိုင်ငံ အစိုးရ အနေဖြင့် ILO ၏ ပြဋ္ဌာန်းချက်အမှတ် ၁၈၉ ကို အတည်ပြု လက် မှတ် ရေးထိုးရန် ရွှေ့ပြောင်း အလုပ်သမားများ ဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများနှင့် အလုပ်သမားအဖွဲ့အစည်းများ ကွန်ရက် က တောင်းဆိုခဲ့ကြသော်လည်း လက်တလောတွင် လက်မှတ်ထိုးရန် အစီစဉ်မရှိသေးကြောင်း ဝန်ကြီးဌာနက ပြန်လည်ဖြေကြားခဲ့သည်။ ယနေ့ အခမ်းအနားတွင် အိမ်အကူအလုပ်သမားများ ပြည်ပသို့ ရွှေ့ပြောင်းသွားလာခြင်းအား တားမြစ်ပိတ်ပင်ထားခြင်းကို ရုပ် သိမ်းသင့်ပါသလား ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတခုပြုလုပ်ခဲ့ပြီး ယင်းအချက်နှင့်ပတ်သက်၍ သဘောကွဲလွဲမှုများ ရှိခဲ့သည်။ တားမြစ်ပိတ်ပင်ထားမှုကို ရုပ်သိမ်းသင့်သည်ဟု လက်ခံထားသော Future Light Center တာဝန်ခံ ဒေါ်သက်သက်အောင် က အစိုးရအနေဖြင့် စင်ကာပူနိုင်ငံသို့ အိမ်အကူလုပ်သား တင်ပို့မှုကို ၂၀၁၄ ကတည်းက တရားဝင် ပိတ်ပင်ထားသော်လည်း လက်ရှိတွင် တနေ့လျှင် အိမ်အကူလုပ်သား ၃၀ မှ ၄၀ နီးပါး တရားမဝင်ထွက်ခွာနေပြီး ၎င်းတို့အနေဖြင့် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့ရသည့်အခါ သံရုံးသို့ သွားရောက် တွေ့ဆုံခြင်း၊ ပြောဆိုရန် ဝံ့ရဲခြင်း မရှိသည့်အတွက် ဥပဒေအရ အကာအကွယ်မဲ့နေခြင်းကို ပြန်လည်သုံးသပ်ရမည်ဖြစ်ကြောင်း ရှင်းပြသည်။ “ကျမတို့နိုင်ငံအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ခြင်းမရှိသေးဘူး။ လုပ်ခလစာအားဖြင့်လည်း တခြား နိုင်ငံက သာနေတယ်။ လူတွေသည် ဘဝရပ်တည်ရေး စားဝတ်နေရေးအတွက် တခြားနိုင်ငံကို ထွက်ခွာကြရမှာပဲ။ ဒီတော့ တိကျတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေ၊ တိုင်ကြားမှု ယန္တရားတွေကို ပြုလုပ်ပြီးတော့ အိမ်အကူတွေကို တရားဝင် စေလွှတ်ခြင်းဟာ အခုလို လက်ရှိဖြစ်နေတဲ့ ပကတိ အခြေအနေအတွက် ကာကွယ်မှုပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့် ဇွန် ၁၂ ရက်က စင်ကာပူနိုင်ငံရှိ ကွန်ဒွန် ၁၈ ထပ်ပေါ်မှ မြန်မာအိမ်အကူမိန်းကလေးတဦး ခုန်ချသေကြောင်းကြံ စည်ခဲ့မှုသည် ပြည်ပသို့ အိမ်အကူအလုပ်သမားများ ရွှေ့ပြောင်းသွားလာခြင်းကို တားမြစ်ပိတ်ပင်ထားမှု၏ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် သက်သေပြနေကြောင်း အလုပ်သမားအဖွဲ့အစည်းများက ပြောဆိုသည်။ ရှေ့နေ ဦးနေဝင်းနိုင်ကမူ တားမြစ်ပိတ်ပင်ထားမှုကို ရုပ်သိမ်းသင့်သည်ဆိုသောကိစ္စကို အငြင်း မပွားလိုသော်လည်း ပြဿနာဖြစ်လာပြီးမှ နစ်နာကြေးတောင်းဆိုခြင်း၊ တရားစွဲဆိုခြင်းများ ပြုလုပ်ခြင်းထက် မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်မည့် ခိုင်မာသော ယန္တရားတခုကို ဦးစွာ ဖော်ဆောင်ပေးရန် တိုက်တွန်းသင့်ကြောင်း၊ တရားမဝင်အလုပ်သမားများ တင်ပို့နေသည့် အေဂျင်စီများ၊ ပွဲစားများကိုလည်း ဥပဒေအရ တိတိကျကျ အရေးယူရမည်ဖြစ်ကြောင်း သုံးသပ်သည်။ ယနေ့ ပြုလုပ်သည့် အခမ်းအနားတွင် ပြည်တွင်းပြည်ပမှ မြန်မာအိမ်အကူအလုပ်သမားများအား တခြားအလုပ်သမား များနှင့် တန်းတူအလုပ်သမား အခွင့်အရေးများ၊ အကျိုးခံစားခွင့်များနှင့် ကာကွယ်စောင့်ရှောက်မှုများ ပေးရန်အတွက် အလုပ်သမားဥပဒေတွင် ထည့်သွင်းရေးဆွဲပြဋ္ဌာန်းပေးရန်ဟူသည့် အချက်အပါအဝင် အချက် ၆ ချက်ကိုလည်း တိုက်တွန်းတောင်းဆိုခဲ့ကြသည်။ ‘အပြည်ပြည်ဆိုင်ရာ အိမ်အကူအလုပ်သမားများနေ့’ အကြိုအခမ်းအနားကို ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အရပ် ဖက်အဖွဲ့အစည်းများနှင့် အလုပ်သမားအဖွဲ့အစည်းများကွန်ရက်က ILO ဖြင့်ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းနှင့် စားနပ် ရိက္ခာဖူလုံရေးရန်ပုံငွေ (LIFT) ၏ ငွေကြေးကူညီပံ့ပိုးမှုဖြင့် ယခုနှစ်တွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အိမ်အကူ အလုပ်သမားများအတွက် သင့်တင့်ကောင်းမွန်သော အလုပ်အကိုင်ဆိုင်ရာ ILO ပြဋ္ဌာန်းချက် အမှတ် ၁၈၉ ကို ပြဋ္ဌာန်းခဲ့သည့် ၂၀၁၁ ဇွန် ၁၆ ရက်ကို အစွဲပြု၍ ‘အပြည်ပြည်ဆိုင်ရာ အိမ်အကူအလုပ်သမားများနေ့’ အဖြစ် သတ်မှတ်ခဲ့ ခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၂၄ နိုင်ငံက အတည်ပြုလက်မှတ်ရေးထိုးထားရာ အရှေ့တောင်အာရှတွင် ဖိလစ်ပိုင်တနိုင်ငံတည်း သာ လက်မှတ်ရေးထိုးထားသေးကြောင်း သိရသည်။
Source : https://goo.gl/JGMBfy
via IFTTT

No comments:

Post a Comment