Friday, June 30, 2017

The Voice

ရန်ကုန်တိုင်း အပါအဝင် တိုင်းနှင့် ပြည်နယ် ခုနစ်ခုမှ နယ်/လုံဝန်ကြီးများ ပြောင်းရွှေ့မည် ရန်ကုန်၊ ဇွန် ၂၉ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းနှင့်ပြည်နယ် ခုနစ်ခုရှိ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးခုနစ်ဦးကို အပြောင်းအရွှေ့ ပြုလုပ်ရန် ဇွန်လနောက်ဆုံးပတ်က အကြောင်းကြားစာ ပေးပို့ထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်း၏ နေရာတွင် တပ်မတော် တပ်ထိန်းတပ်ဖွဲ့မှ ဗိုလ်မှူးကြီးတစ်ဦးကို အစားထိုး တာဝန် ပေးအပ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။ “ရန်ကုန်တိုင်း နယ်/လုံဝန်ကြီးလည်း အပြောင်းအရွှေ့မှာ ပါပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်ရုံးက အကြောင်းကြားစာ ပို့ပေးထားပြီ သိရတယ်”ဟု ၎င်းက ဆိုသည်။ လက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် နယ်/လုံ အပြောင်းအရွှေ့စာရင်းအရ ရန်ကုန်၊ ကရင်၊ ရခိုင် အပါအဝင် အခြား ပြည်နယ်နှင့် တိုင်းလေးခုမှ နယ်လုံဝန်ကြီးများ ပါဝင်နေပြီး အပြောင်းအရွှေ့ကို ယခုရက်ပိုင်းအတွင်း ဆောင်ရွက်ရန်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ အဆိုပါ အပြောင်းအရွှေ့နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်း၏ လက်ကိုင်ဖုန်းကို ညနေ ၄ နာရီခန့်မှ ၄ နာရီ ၄၆ မိနစ်အထိ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။ ရန်ကုန်တိုင်းတွင် အစိုးရသစ်လက်ထက်၌ အစိုးရသက်တမ်း ငါးနှစ် မပြည့်မီ ဒုတိယမြောက်အဖြစ် နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီးတစ်ဦးကို အစားထိုးရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက စီစဉ်ခြင်းဖြစ်ပြီး ဒီမိုကရေစီစနစ်သို့ စတင်ကူးပြောင်းခဲ့သော ၂၀၁၀ ခုနှစ်တွင် ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးတင်ဝင်းကို စတင် ခန့်အပ်ခဲ့သည်။
Source : https://goo.gl/Z1pafD
via IFTTT

No comments:

Post a Comment