ရန်ကုန်မြို့လယ်တွင် အနုကြမ်းစီးလုယက် ရန်ကုန်၊ ဇွန် ၁၈ ရန်ကုန်မြို့လယ် ၃၃ လမ်း(အထက်ဘလောက်)ရှိ မြေညီထပ်တိုက်ခန်းတစ်ခုတွင် ဖွင့်လှစ်ထားသည့် ခရီးသွားကုမ္ပဏီတစ်ခု ယနေ့(ဇွန်လ ၁၈ရက်) မွန်းလွဲပိုင်းက အနုကြမ်းစီးလုယက်ခံခဲ့ရသည်။ မွန်းလွဲ ၁ နာရီခန့်က အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး ဝန်ထမ်းအမျိုးသမီးကို ချွန်ထက်သော အရာဖြင့်ထောက်၍ ကုမ္ပဏီရုံးခန်း အနောက်ဘက်သို့ ခေါ်ဆောင်ကာ ကြိုးဖြင့်ချည်နှောင်၍ ဝတ်ဆင်ထားသည့် ရွှေထည်များကို ချွတ်ယူသွားခဲ့သည်။ ယင်းနောက် ရုံးခန်းရှိ ငွေကျပ်သိန်း ၅၀ ခန့်ကိုလည်း ယူဆောင်သွားခဲ့သေးသည်။ အနုကြမ်းစီးခံရသည့် ကုမ္ပဏီမှာ ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ်ရောင်းသည့် MK (MAKHAN) ကုမ္ပဏီဖြစ်သည်။ “ရုံးမှာ ဝန်ထမ်း ကောင်မလေးတစ်ယောက်တည်း ရှိနေချိန် အမျိုးသားနှစ်ယောက် ရောက်လာတယ်။ လေယာဉ်လက်မှတ် ဝယ်ဖို့ စုံစမ်းတယ်ထင်ပြီး ကောင်မလေးက စကားပြော ရှင်းပြနေချိန် သူတို့နှစ်ယောက်က လုပ်သွားတာ”ဟု ကုမ္မဏီပိုင်ရှင်၏အစ်ကိုဖြစ်သူက ဆိုသည်။ အနုကြမ်းစီးသည့် အမျိုးသားနှစ်ဦးအနက် တစ်ဦးမှာ ဆံပင်ရှည်ပြီး ကျန်တစ်ဦးမှာ မျက်နှာတွင် နှာခေါင်းစီး Mask အုပ်ထားသည်ကို ယင်းလမ်းတွင်းတပ်ဆင်ထားသည့် CCTV ကင်မရာ မှတ်တမ်းဓာတ်ပုံများ ရဲတပ်ဖွဲ့က ရရှိထားသည်။ ထို့ကြောင့် အနုကြမ်းစီးသူနှစ်ဦးကို ဖမ်းဆီး အရေးယူနိုင်ရန် ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့က အမှုဖွင့် စုံစမ်းရှာဖွေလျက်ရှိကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။ “ကြိုးတုတ်ခံရတဲ့ ကောင်မလေးက ရုံးခန်းဘက်ကို လေးဘက်ထောက်လာပြီး ခုံအောက်ကျနေတဲ့ သူ့ဖုန်းနဲ့ အစ်ကိုဖြစ်သူထံ ဖုန်းဆက်ခဲ့တယ်။ သူ့အစ်ကိုလာချိန်မှ ကြိုးတုတ်ထားတဲ့သူ့ကို တွေ့ခဲ့ပြီး မေးမြန်းရာက အနုကြမ်းစီးခံရမှန်း သိခဲ့တာ”ဟု ယင်းကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။ ရန်ကုန်မြို့ လူစည်ကားရာ နေရာများဖြစ်သည့် ကျောက်တံတားမြို့နယ် ၃၈ လမ်း(အလယ်ဘလောက်)၊ ဗိုလ်တထောင်မြို့နယ် လမ်း ၅၀ နှင့် စမ်းချောင်းမြို့နယ် မြေနီကုန်း ခုံးကျော်တံတားအနီး အနုကြမ်းစီးခံရမှုတို့တွင် ပြစ်မှုကျူးလွန်သူတို့၏ ဓာတ်ပုံမှတ်တမ်းများကို CCTV ကင်မရာများမှ ရရှိခဲ့သော်လည်း ၎င်းတို့အား ယနေ့အချိန်ထိ ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။
Source : https://goo.gl/STfVuy
via IFTTT
No comments:
Post a Comment