Friday, June 16, 2017

The Irrawaddy - Burmese Edition

နယ်စပ်ကုန်သွယ်ရေး ပြည်ပတင်ပို့မှု ယခင်နှစ်ထက် လျော့ကျ နယ်စပ်ကုန်သွယ်ရေး ကဏ္ဍတွင် ပြည်ပတင်ပို့မှုများသည် ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်လျှင် လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က “နယ်စပ်ကုန်သွယ်ရေးမှာ ပို့ကုန်တင်ပို့မှုက လျော့ကျပါတယ်။ သိပ်အများကြီး မဟုတ်ပါဘူး။ လျော့ကျနေတဲ့ ကုန်ပစ္စည်းအမည် အသေးစိတ်တော့ အစည်းအဝေးရောက်နေလို့ မသိလိုက်ဘူး။ လုပ်ငန်းကြီးတခုလုံး လျော့ကျသွားတာတော့ မဟုတ်ပါဘူး။ သူ့ဟာနဲ့သူ ပုံမှန်တော့ သွားနေပါတယ်။ နယ်စပ် ကုန်သွယ်မှု ချောမွေ့မှု ရှိ၊ မရှိနဲ့ ပတ်သက်ပြီးလည်း ကုန်သွယ်မှုပမာဏ ကျသွား တာလည်း ရှိပါတယ်’’ ဟု ဧရာဝတီကို ပြောသည်။ လက်ရှိ ဘဏ္ဍာနှစ်တွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး ၂ ခုစလုံးမှ ကုန်သွယ်မှု စုစုပေါင်း ကန်ဒေါ်လာ ၂၉ ဘီလီလျံ လျာထားကြောင်း ၎င်းက ပြောသည်။ ယင်းသို့ နယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန်ပစ္စည်းများ လျော့ကျနေခြင်းမှာ ကမ္ဘာ့ဈေးကွက်တွင် ရေနံနှင့် သဘာဓာတ်ငွေ့ ဈေးများ ကျဆင်းနေခြင်းနှင့် ပြည်တွင်းမှ သဘာဝဓာတ်ငွေ့ တင်ပို့မှု နည်းပါးနေခြင်းတို့ကြောင့် ကုန်သွယ်မှု ကျဆင်း နေခြင်း ဖြစ်သည်။ ယင်းအပြင် မူဆယ်နယ်စပ် ကုန်သွယ်ရေးဂိတ်မှ တဆင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေသော သကြားကိုလည်း တရုတ်ဘက်က ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေခြင်းကြောင့် ပြည်တွင်းမှ ကုန်သည်များအနေဖြင့် ထပ်မံတင်ပို့ရန် အခြေအနေစောင့်ကြည့်နေသောကြောင့် ယခင်ထက် တင်ပို့မှု လျော့ကျသွားခြင်း ဖြစ်ကြောင်း သိရသည်။ မူဆယ် နယ်စပ် ကုန်သွယ်ရေးဇုန်မှ ဆန်နှင့်သကြားကုန်သည်တဦးက “ ဒီဘဏ္ဍာနှစ် အစထဲမှာ တရုတ်ဘက်ကို အဓိက တင်ပို့နေတဲ့ သကြားကလည်း ဒီနှစ် နှစ်စဖြစ်တဲ့ ဖေဖော်ဝါရီလလောက်တုန်းက အာဖရိက က မြန်မာနိုင်ငံကို တင်သွင်းတဲ့ သကြားအိတ်တွေထဲမှာ မူးယစ်ဆေးဝါးတွေ ပါတယ်ဆိုပြီး မြန်မာကနေ တရုတ်ကို ပြန်ပြီး Re-exportလုပ်တော့ တရုတ် ဘက်က စစ်ဆေး ဖမ်းဆီးမှုတွေရှိလို့ နယ်စပ်ကနေ တင်ပို့တာ လျော့ကျသွားတာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြော သည်။ ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့မှ ဇွန်လဆန်းပိုင်းအထိ ပို့ကုန်၊ သွင်းကုန် ပမာဏမှာ ပင်လယ် ရေကြောင်းမှ ကန်ဒေါ်လာ ၃၁၇၆ ဒသမ ၈၁၃ သန်းနှင့် နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၁၁၆၇ ဒသမ၃၇၉ သန်းခန့် ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ပြီး ယခု ၂၀၁၇-၂၀၁၈ ခုနှစ် ကာလတူအထိ ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၃၉၆၈ ဒသမ ၂၈၂ သန်းနှင့် နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၁၁၀၆ သန်းကျော် ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။ အဆိုပါ စာရင်းများအရ ပြီးခဲ့သည့် ဘဏ္ဍာနှစ်နှင့် ကာလတူ နှိုင်းယှဉ်လျှင် နယ်စပ် ကုန်သွယ်မှုမှ ပို့ကုန်တင်ပို့မှု မှာ ကန်ဒေါ်လာ ၁၂၆ သန်းကျော် လျော့ကျနေကြောင်း သိရသည်။ နယ်စပ်ကုန်သွယ်ရေးစခန်း ၁၆ ခုအနက် မူဆယ်နယ်စပ်၊ ကျိုင်းတုံနယ်စပ်၊ မြိတ်နယ်စပ်နှင့် ထီးခီးနယ်စပ် ကုန်သွယ်ရေး စခန်းတို့မှ ကုန်သွယ်မှု လျော့ကျခဲ့ခြင်း ဖြစ်သည်။ ပို့ကုန်တင်ပို့မှု လျော့ကျနေသော်လည်း သွင်းကုန် တင်သွင်းမှုကဏ္ဍတွင် ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်လျှင် ကန်ဒေါ်လာ ၉၆ သန်းကျော် ပိုမိုတင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးကဏ္ဍမှ ကုန်သွယ်မှု စုစုပေါင်း ကန်ဒေါ်လာ ၄၃၄၄ သန်းကျော် ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ပြီး ယခု ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးကဏ္ဍမှ ကန်ဒေါ်လာ ၅၀၇၄သန်းကျော် ကုန်သွယ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် အစရှိသည့် နိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေး စခန်းများမှတဆင့် အဓိကကုန်သွယ်မှု ပြုလုပ်နေပြီး လယ်ယာထွက်ကုုန် ပစ္စည်းများဖြစ်သော ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ကြက်သွန်နှင့် အခြားသီးနှံများကို ကုန်သွယ်မှု ပြုလုပ်လျက် ရှိသည်။
Source : https://goo.gl/tZDtsP
via IFTTT

No comments:

Post a Comment