မင်္ဂလာဒုံရှိ ကျူးကျော်များထဲမှ စီးပွားဖြစ် ကျူးကျော်များကို အရေးယူမည် ရန်ကုန်၊ ဇွန် ၂၂ မင်္ဂလာဒုံမြို့နယ်ရှိ ကျူးကျော်များကို ဇွန်လ ၂၀ ရက်မှစပြီး ကျူးကျော်စမတ်ကတ်များ ထုတ်ပေးလျက်ရှိရာ ၎င်းတို့ထဲမှ စီးပွားဖြစ် ကျူးကျော်များကို စစ်ဆေးတွေ့ရှိပါက အရေးယူမည်ဖြစ်ကြောင်း မင်္ဂလာဒုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။ ကျူးကျော်ဖြစ်ကြောင်း အသိအမှတ်ပြု စမတ်ကတ်ပြားများ ထုတ်ပေးပြီးပါက ကျူးကျော်များကို မြေပြင်ကွင်းဆင်း စစ်ဆေးမည် ဖြစ်သည်။ ယခုလက်ရှိ မင်္ဂလာဒုံတွင် ကျူးကျော်အိမ်ထောင်စု ၆၀၀၀ ခန့်ရှိပြီး ယင်းမြို့နယ်ရှိ ပျဉ်းမပင်ရပ်ကွက်တွင် ကျူးကျော်အများဆုံး နေထိုင်ကြောင်း ကျူးကျော်စာရင်းများ ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။ “ကျူးကျော်နေရာမှာ မြေဝယ်ပြီး အခန်းတွေ ငှားစားတဲ့ စီးပွားဖြစ် ကျူးကျော် ဟုတ်၊ မဟုတ် ဆိုတာ ကွင်းဆင်းစစ်ဆေးမယ်။ ကွင်းဆင်းပြီးမှ ဘုတ်ပြန်ထိုင်ပြီး ပေးသင့်တဲ့သူ၊ မပေးသင့်တဲ့သူကို ပြန်ပြီး ခွဲထုတ်မယ်။ စီးပွားဖြစ် ကျူးတွေဆိုရင် ကတ်သိမ်းပြီး ပထမအကြိမ် သတိပေးမယ်။ အဲဒါထက် တစ်ဆင့်တက်လာမယ်ဆိုရင် ဖမ်းမယ်” ဟု ဦးထွန်းထွန်းဝင်းက ဆိုသည်။ မင်္ဂလာဒုံမြို့နယ်ရှိ ကျူးကျော်များကို ကျူးကျော်ဖြစ်ကြောင်း အသိအမှတ်ပြု စမတ်ကတ်များကို နေရာသုံးနေရာတွင် ထုတ်ပေးလျက်ရှိကာ ယနေ့ထိ ကျူးကျော် စမတ်ကတ် ထုတ်ပေးပြီး ဖြစ်သည် အိမ်ထောင်စု ၃၀၀၀ ခန့်ရှိပြီ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်နေထိုင်သူများကို စာရင်းကောက်ယူပြီး စမတ်ကတ် ထုတ်ပေးမှုကို ဇူလိုင်လ ၃ ရက်တွင် အပြီးပြုလုပ်ပေးမည် ဖြစ်ကြောင်း ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ထံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုအတွင်း တရားမဝင် နေထိုင်သည့် ကျူးကျော်အိမ်ခြေ ၁၀၅၄၄၉ ရှိပြီး အိမ်ထောင်စု ၁၆၇၇၃၈ စု ရှိကာ ကျူးကျော်နေထိုင်သူဦးရေ ၄၃၁,၀၅၀ ခန့်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
Source : https://goo.gl/zokC3e
via IFTTT
No comments:
Post a Comment