မကွေးတွင် သက်တမ်းရင့် သစ်ပင်ကြီးများ ခုတ်လှဲမည်ကို ကန့်ကွက် မကွေး၊ ဇွန်၂၉ မကွေး- တောင်တွင်းကြီး ကားလမ်းပေါ်ရှိ ခုတ်လှဲမည့် သက်တမ်းရင့် သစ်ပင်ကြီးများကို အဖြူရောင်ကြက်ခြေခတ် အမှတ်အသား ပြုလုပ်ထား၍ သစ်ပင်ကြီးများ ခုတ်မည်ကို ကန့်ကွက်ကြောင်း ဒေသခံများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောကြားသည်။ “ဒီအပင်တွေက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အရမ်းကို အရေးကြီးတဲ့ ကဏ္ဍမှာရှိတယ်။ အခုကိစ္စကတော လမ်းဧရိယာ ဖြစ်နေတော့ လမ်းနဲ့မလွတ်ကင်းတာဆိုရင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ဟာ အဓိက ကျပါတယ်။ သစ်ပင်တွေ ခုတ်တယ်ဆိုတာ ကျွန်တော်တို့အသည်းကို ဓားနဲ့ထိုး လိုက်သလို ခံစားရပါတယ်” မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်သိမ်းခိုင်က ဆိုသည်။ မကွေးမြို့အတွင်း တောင်တွင်းကြီး လမ်းဘေးရှိ သစ်ပင်များတွင် အဖြူရောင် ကြက်ခြေခတ်များ ရေးဆွဲထားခြင်းမှာ လမ်းနှင့် မလွတ်သည့်အပင်များကိုရွေးချယ် အမှတ်အသား ပြုထားခြင်းဖြစ်ပြီး လာရောက် စစ်ဆေးမည့် တာဝန်ရှိသူများ မြင်သာစေရန် ပြုလုပ်ထားခြင်းသာဖြစ်ကြောင်း၊ ခုတ်လှဲခြင်းပြု မပြုကိုမူ သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း အဆိုပါလမ်းပိုင်းကို BOT စနစ်ဖြင့် တာဝန်ယူ ဆောင်ရွက်နေသည့် မက်စ်မြန်မာ ကုမ္ပဏီမှ မကွေးခရိုင်အဆင့် တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ အဆိုပါ သစ်ပင်ကြီးများသည် နှစ်သက်တမ်း ၁၀ဝ ကျော်ပြီဖြစ်ပြီး ယင်းကဲ့သို့ ကြက်ခြေခတ် အမှတ်အသားများကို ရေးဆွဲသည့်နေ့မှစတင်ကာ သစ်ပင်ကြီးများကို ခုတ်လှဲရန် သတ်မှတ်ထားသည်ဟု ယူဆကြကြောင်း၊ မကွေးမြို့ခံ အများအပြား၏ ကန့်ကွက် ဝေဖန်ခြင်းကိုခံနေရပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ခွင့်ပြုချက်အရသာ ဆောင်ရွက်မည်ဖြစ်ကြာင်း ၎င်းက အတည်ပြု ပြောဆိုသည်။ ယင်းလမ်းပိုင်းရှိ လမ်းနှင့် မလွတ်ကင်းသည့် သစ်ပင်များကို တာဝန်ရှိသူများက ဇွန်လ ၂၈ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး လမ်းအတွက် သစ်ပင်ကြီးများ ခုတ်လှဲခဲ့မည်ဆိုပါက အပင်အစားထိုး ပြန်လည် စိုက်ပျိုးသင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ လမ်းမကြီးတိုးချဲ့ရန် လျာထားသည့် လမ်းတစ်လျှောက်တွင် သက်တမ်းရင့် သစ်ပင်ကြီးများဖြစ်သည့် ညောင်ပင်၊ တမာ၊ ကုက္ကိုနှင့် ယင်းမာပင်များအပြင် လမ်းဘေး ဓာတ်တိုင်များနှင့် လမ်းဘေး ပလက်ဖောင်းများကိုပါ ဖျက်သိမ်းရမည့် အခြေအနေသို့ရောက်ကြောင်း၊ အဆိုပါပြဿနာအတွက် ပြုပြင်ပြောင်းလဲရေးသမားအချို့က ထောက်ခံလျက်ရှိပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းသူများက ကန့်ကွက်နေကြသည့်အတွက် အငြင်းပွားဖွယ် အနေအထားပင်ဖြစ်ကြောင်း မကွေးမြို့ခံအချို့က ပြောဆိုသည်။ မက်စ်မြန်မာ ကုမ္ပဏီအနေနှင့် ရန်ကုန် - ပြည်- မကွေး ကားလမ်းပိုင်းတွင် မှော်ဘီမှ မကွေးတက္ကသိုလ် လမ်းဆုံအထိ BOT စနစ်ဖြင့် လုပ်ကိုင်ခွင့် ရရှိထားပြီး ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လမ်းအဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်နေစဉ် ယင်းလမ်းပိုင်းအတွင်းရှိ ယခုတောင်တွင်းလမ်းရှိ သစ်ပင်ကြီး ၈၇ ပင်ကို လမ်းနှင့်မလွတ်သည့်အတွက် မည်သို့ ဆောင်ရွက်ရမည်ကို ဇွန်လ ၉ ရက်နေ့က သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ တင်ပြတောင်းခံထားခဲ့ကြောင်း အဆိုပါ ကုမ္ပဏီထံမှ စုံစမ်း သိရှိရသည်။ အဆိုပါ လမ်းပိုင်းမှာ မကွေးလေတပ် တောင်ဘက်အပေါက်မှ မကွေး တက္ကသိုလ်ရှေ့အထိ နှစ်မိုင်ခန့် ရှည်လျားပြီး ယခင် လမ်းအကျယ် ၃၃ ပေမှ ၄၄ ပေအထိ တိုးချဲ့မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ တာဝန်ခံက ပြောကြားသည်။ အလားတူ ယခင်နှစ်ကလည်း မကွေး- ရေနံချောင်း- ဂွေးချိုလမ်းပိုင်း အဆင့်မြှင့်တင်ရေးအတွက် လမ်းနယ်မြေတိုးချဲ့ရန် လမ်းဘေးဝဲယာရှိ သက်တမ်းရင့်အပင်များ ဖြစ်သည့် ညောင်မုတ်ဆိတ်၊ ထနောင်း စသည့် အပင်ပေါင်း ၅၀၃ ပင်ကိုလည်း ခုတ်လှဲရန် စီစဉ်ခဲ့ရာတွင် ဒေသခံများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွ လှုပ်ရှားသူများ၏ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းခဲ့သည်။
Source : https://goo.gl/ELJp3k
via IFTTT
No comments:
Post a Comment