Wednesday, June 28, 2017

The Voice

အခြေခံ လူတန်းစားများ မထိခိုက်စေမည့် လျှပ်စစ်ဓာတ်အားခ ကောက်မည်ဟုဆို ရန်ကုန်၊ ဇွန် ၂၇ လျှပ်စစ်ဓာတ်အားခ နှုန်းထားများ ပြောင်းလဲ ကောက်ခံရန် စီစဉ်လျက်ရှိရာတွင် အခြေခံလူတန်းစားများ မထိခိုက်စေသော နှုန်းထားများကို သတ်မှတ်ထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ပြောကြားသည်။ “ပြောင်းလဲကောက်ခံမယ့် နှုန်းထားတွေကို ဘက်ပေါင်းစုံကနေ စဉ်းစားထားတာ ဖြစ်တယ်။ အဓိကက အခြေခံ လူတန်းစားတွေကို မထိခိုက်အောင်ပါ။ မူလနှုန်းထားထက် လျော့ရင်လည်း လျော့မယ်။ နည်းနည်း ပိုရင်လည်းပိုမယ်။ အရင်တိုင်းလည်း ရှိနိုင်တယ်”ဟု ၎င်းက ဆိုသည်။ လျှပ်စစ်ဓာတ်အားခများ ပြောင်းလဲ သတ်မှတ်ရန် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးများနှင့် အစည်းအဝေးများ လုပ်လျက်ရှိပြီး တတိယအကြိမ် ဆွေးနွေးရန် ကျန်ရှိနေသေးကြောင်း၊ အတည်ပြုပြီးပါက လွှတ်တော် ကိုယ်စားလှယ်များနှင့် မီဒီယာများကို ချပြရန် စီစဉ်ထားကြောင်း ဦးစိုးမြင့်က ဆက်လက် ပြောဆိုသည်။ “ပြောင်းလဲကောက်ခံမယ့် နှုန်းထားက မသိရသေးဘူး။ လက်ရှိ လျှပ်စစ်ဓာတ်အားခ ကောက်တဲ့နှုန်းထားတွေက အစိုးရ အရှုံးခံပြီးတော့ ကောက်နေတာဖြစ်ပေမယ့် ပြောင်းလဲလာမယ့်နှုန်းထားက အခြေခံလူထုရဲ့ ပုံမှန် လျှပ်စစ်သုံးစွဲမှုကို မထိခိုက်နိုင်ပါဘူး”ဟု ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ ဓာတ်အားဖြန့်ဖြူးရေးဌာန အထွေထွေ မန်နေဂျာ ဦးသန့်စင်က ဆိုသည်။ လျှပ်စစ်ဓာတ်အား တစ်ယူနစ်လျှင် ပျမ်းမျှ ၉၃ ကျပ်နှုန်းဖြင့် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိပြီး အခြေခံလူထုကို အိမ်သုံးမီတာများ၌ တစ်ယူနစ်လျှင် ပျမ်းမျှ ၃၅ ကျပ်၊ ၄၀ ကျပ်နှင့် ၅၀ ကျပ်နှုန်းဖြင့် လက်ရှိတွင် ကောက်ခံလျက်ရှိကြောင်းနှင့် ဓာတ်အား သုံးစွဲမှုများသည့် ယူနစ်ကန့်သတ်ချက်များကိုသာ ပြောင်းလဲ သတ်မှတ်ရန် စီစဉ် နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၅၀ ရာခိုင်နှုန်းကျော်ကို သုံးစွဲနေသော ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ် အားသုံးစွဲမှုတွင် တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်းဖြင့် ရောင်းချရသည့် ယူနစ်ပမာဏမှာ အဓိက အများဆုံး ဖြစ်နေပြီး သုံးစွဲမှု၏ ၂၆ ရာခိုင်နှုန်း ရှိကြောင်းနှင့် ယူနစ် ၂၀ဝ နှင့် အထက်လျှင် တစ်ယူနစ် ၅၀ ကျပ်နှုန်းဖြင့် ကောက်ခံပြီး ယင်းသည် သုံးစွဲမှု၏ ၂၂ ရာခိုင်နှုန်းရှိကာ ဒုတိယ အများဆုံးဖြစ်ကြောင်း အဆိုပါ ကော်ပိုရေးရှင်း၏ ထုတ်ပြန်ထားသည့် အချက်အလက်များမှ သိရသည်။ အခြေခံ လူတန်းစားများ အနေနှင့် လျှပ်စစ်မီးဖို အသုံးပြုခြင်း၊ ပန်ကာနှင့် တီဗီကဲ့သို့ ဖျော်ဖြေရေး စက်ပစ္စည်းများကို ပုံမှန်အတိုင်း အသုံးပြုပါက ယူနစ်ပျမ်းမျှ ၁၀ဝ နှင့်၂၀ဝ ကြားကိုသာ အသုံးပြုနိုင်ကြောင်း လျှပ်စစ်အင်ဂျင်နီယာတစ်ဦးက ပြောကြားသည်။ အိမ်သုံးမီတာများကို ပြောင်းလဲ ကောက်ခံရာတွင် ယူနစ် ၁၀ဝ အထိ လက်ရှိနှုန်းထား ၃၅ ကျပ်အတိုင်းထားပြီး၊ ၁၀ဝ ယူနစ်အထက်မှ ၂၀ဝ ယူနစ်အထိ ၄၀ ကျပ်အစား ၅၀ ကျပ်၊ ၂၀ဝ ယူနစ်အထက် မှ ၃၀ဝ ယူနစ်အထိ ၅၀ ကျပ်အစား ၇၅ ကျပ်သို့လည်းကောင်း၊ ၃၀ဝ ယူနစ် အထက်မှ ၄၀ဝ ယူနစ်အကြား ၅၀ ကျပ်မှ ၁၀ဝ ကျပ်အထိလည်းကောင်း၊ ၄၀ဝ ယူနစ် အထက်မှ ၅၀ဝ ယူနစ်အထိကို ၁၅၀ ကျပ်အထိ အသီးသီး တိုးမြှင့်သင့်ကြောင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ဇွန်လ ၂၄ ရက်တွင် အစိုးရသို့ အကြံပြုထားသည်။
Source : https://goo.gl/JofQN8
via IFTTT

No comments:

Post a Comment