Monday, June 26, 2017

The Voice

ဆက်သွယ်ရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို ပို့ဆက်ဝန်ကြီးဌာန ရေးဆွဲပြီးဟုဆို ရန်ကုန်၊ ဇွန် ၂၅ ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၆၆(ဃ) ကို ပြင်ဆင်နိုင်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအနေနှင့် ဥပဒေအရ ပြင်ဆင်မှုများ ပြုလုပ်ကာ အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေး လှုပ်ရှားမှု ပူးပေါင်းအဖွဲ့ထံမှ သိရသည်။ အရပ်ဘက်အဖွဲ့အစည်း ၂၂ ဖွဲ့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် ဇွန် လ ၂၂ ရက်တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အပါအဝင် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီတို့နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း PEN Myanmar အဖွဲ့၏ Program Manager ဒေါ်ဇာခြည်ဦးက ပြောသည်။ ယင်းသို့တွေ့ဆုံရာတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန့်စင်မောင်နှင့်တွေ့ဆုံခဲ့ပြီး ဝန်ကြီးဌာနအနေဖြင့် ဥပဒေအရ ပြင်ဆင်ရမည့် အချက်များ ပါဝင်သည့် ဆက်သွယ်ရေးဥပဒေ ပြင်ဆင်သည့် ဥပဒေ ကြမ်းကို ရေးဆွဲပြီးပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။ “သူတို့ကတော့ ဒါကိုပြင်ချင်တယ်။ ဒီဟာက သူတို့အတွက် စိတ်အနှောင့်အယှက် ဖြစ်တယ်။ ပြင်မယ်လို့ အဆိုပြုထားတဲ့ အချက်သုံးချက်ရှိတယ်”ဟု ၎င်းက ဆိုသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ပြင်ဆင်ထားသည့် ဥပဒေကြမ်းတွင် အကြမ်းဖျင်းအရ ဝန်ကြီးဌာနက ကြိုတင်ခွင့်ပြုမိန့်ပေးခြင်းကို ပယ်ဖျက်ပေးရန်၊ အာမခံပေးရန်နှင့် တတိယပုဂ္ဂိုလ်က တရားစွဲဆိုခြင်းများကို ပယ်ဖျက်ပေးရန် စသည့်အချက်များ ပါဝင်မည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။ လက်ရှိ ဥပဒေကြမ်းသည် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ တင်ပြထားပြီး အဆင့်ဆင့် သဘော တူညီမှုများရရှိပြီး လွှတ်တော်တွင် ဆွေးနွေး အတည်ပြုမည်ဖြစ်ကြောင်း ဆက်သွယ်ရေး ဥပဒေပြင်ဆင်ရေးနှင့် ပုဒ်မ ၆၆(ဃ) ဖျက်သိမ်းရေးလှုပ်ရှားမှု ပူးပေါင်းအဖွဲ့ထံမှ သိရသည်။ အလားတူ ပူးပေါင်းအဖွဲ့အနေဖြင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးနှင့်အတူ ကော်မတီဝင်များနှင့် တွေ့ဆုံရာတွင် လက်ရှိလွှတ်တော်သို့ သက်ဆိုင်ရာ ဝန်ကြီးဌာန သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်များက ပေးပို့လာခြင်း မရှိသေးဘဲ တင်သွင်းလာပါက ၎င်းတို့အနေဖြင့် ဆွေးနွေးချက်များကို ထည့်သွင်း သုံးသပ်မှုများ ပြုလုပ်သွားမည်ဟု ဖြေကြားခဲ့ကြောင်း ပူးပေါင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ “ပြင်ဖို့ကို ဝန်ကြီးဌာနအနေနဲ့ကတော့ ဆန္ဒရှိတယ်။ ဥပဒေကြမ်းကိုလည်း တင်ပြီးပြီ။ ဥပဒေကြမ်း ကော်မတီဘက်ကတော့ သူတို့ကလည်း စောင့်နေတယ်။ လာလို့ရှိရင် အရေးတယူ လုပ်မယ်ပေါ့။ အဲဒါမှာ အစ်မတို့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အသံကိုလည်း နားထောင်မယ်။ ဒါပေမဲ့ အမတို့လိုချင်တဲ့ အချက်အလက်တွေ ပါ မပါ ဆိုတာတော့ အများကြီး ညှိနှိုင်းရအုံးမယ်”ဟု PEN Myanmar အဖွဲ့၏ Program Manager ဒေါ်ဇာခြည်ဦးက ပြောဆိုသည်။ ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသူ လက်ရှိ အစိုးရလက်ထက်တွင် ၆၃ မှုအထိ ရှိခဲ့ပြီး ယခင်အစိုးရ လက်ထက်တွင် ၇ မှုသာ ရှိခဲ့ကြောင်း ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသနအဖွဲ့၏ စစ်တမ်းများအရ သိရသည်။ ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေးအတွက် လွန်ခဲ့သည့် သုံးလခန့်က စတင်ကာ အရပ်ဘက် အဖွဲ့အစည်း ၂၂ ဖွဲ့ ပူးပေါင်းပြီး စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
Source : https://goo.gl/DpEbDQ
via IFTTT

No comments:

Post a Comment